၂၀၅၀ မှာ မျက်မမြင် အရေအတွက် ၃ ဆ တိုးလာနိုင်

  • 3 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာပေါ်မှာ အမြင်အာရုံ အားနည်းသူ အရေအတွက် သန်း ၂၀ဝ ကျော် ရှိနေပါတယ်။

ကမ္ဘာ တဝှမ်းက မျက်စိ မမြင်တဲ့ လူဦးရေဟာ လာမယ့် ဆယ်စုနှစ် ၄ ခု အတွင်းမှာ ၃ ဆ တိုးလာဖွယ် ရှိတယ်လို့ သုတေသီတွေက ဆိုလိုက်ပါတယ်။

မျက်စိရောဂါ အတွက် ရန်ပုံငွေ ကောင်းကောင်း ပံ့ပိုးပြီး ကုထုံးတွေကို တိုးတက်အောင် မလုပ်နိုင်ခဲ့ရင် ၂၀၅၀ ခုနှစ်ရောက်ချိန်မှာ လက်ရှိ မျက်မမြင် ဦးရေ ၃၆ သန်းဟာ ၁၁၅ သန်း အထိ မြင့်တက် သွားနိုင်တယ်လို့ လန်းဆက် ကမ္ဘာ့ကျန်းမာရေးရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၈ နိုင်ငံ က အချက်အလက်တွေကို လေ့လာထားမှု အရ အလယ်အလတ်တန်းနဲ့ ပြင်းပြင်းထန်ထန် အမြင်အာရုံ ချို့တဲ့သူ အရေအတွက်က အခုအချိန်မှာ သန်း ၂၀ဝ ကျော်ရှိနေရာကနေ ၂၀၅၀ ခုနှစ် ရောက်ရင် သန်း ၅၅၀ ကျော်လာဖွယ် ရှိတယ်လို့လည်း ခန့်မှန်း ထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခုလေ့လာမှုက မျက်စိရောဂါကုသရေးပိုင်းမှာ မိုမို ငွေကြေးထောက်ပံ့ဖို့ တောင်းဆိုထားပါတယ်။

အခု မျက်မှောက်အချိန်မှာတော့ ကမ္ဘာ့ မျက်စိ အမြင် ချို့တဲ့သူ ရာခိုင်နှုန်းကတော့ ကျနေတယ်လို့ အဲဒီ လေ့လာမှုကပဲ ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာ့ လူဦးရေက တိုးပွားနေပြီး လူအများစုကလည်း အသက်ရှည်ရှည် နေလာနိုင်မှာ ဖြစ်လို့ လာမယ့် ဆယ်စုနှစ်တွေမှာ ဆိုရင် အမြင် အာရုံ ပြဿနာက ပိုမို ဆိုးရွားလာနိုင်တယ်လို့ သုတေသီတွေက ယူဆထားကြပါတ

မျက်စိတိမ်စွဲရောဂါ ခွဲစိတ် ကုသမှု ကုထုံးတွေနဲ့ လူအများစု ဆေးမျက်မှန်တွေ လက်လှမ်းမီ တပ်နိုင်ဖို့ အတွက် ငွေကြေးရင်းနှီးမြှပ်နှံဖို့လည်း အခု လေ့လာမှုက တိုက်တွန်းထားပါတယ်။

လက်ရှိမှာ အမြင်အာရုံချို့တဲ့သူနဲ့ မျက်စိမမြင်သူ အရေအတွက် အများဆုံး ဒေသတွေက တောင်အာရှနဲ့ အာဖရိက ဆာဟာရ သဲကန္တရ အောက်ပိုင်း ဒေသတွေပါ။

တောင်အာရှမှာ မျက်စိ မမြင်သူ အရေအတွက်က ၁၁.၇ သန်း ရှိပြီး အရှေ့ အာရှမှာ ၆.၂ သန်း ရှိနေပါတယ်။ အရှေ့တောင်အာရှမှာတော့ ၃.၅ သန်း ရှိနေပါတယ်။

အာဖရိက ဆာဟာရ အောက်ပိုင်းက ဒေသတချိုကမှာဆိုရင် မျက်စိမမြင်သူ အရေအတွက်က လူဦးရေရဲ့ ၄ % ထက် ပိုပါတယ်။

အနောက်ဥရောပတိုင်းပြည်တွေမှာတော့ မျက်စိမမြင်သူ အရေအတွက်က လူဦးရေရဲ့ ဝ.၅ % အောက် လျော့နည်းပါတယ်။