ကိုယ်ဝန်ငှားအလုပ်နဲ့ ဩစတြေးလျသူ ထောင်ကျ

  • 3 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် TANG CHHIN SOTHY
Image caption ကမ္ဘောဒီးယား အစိုးရ က အငှား ကိုယ်ဝန်ဆောင် အလုပ် ကို စီးပွားဖြစ် မလုပ်ဖို့ ဥပဒေ ထုတ်ပြန်ပြီး တားမြစ်

ကမ္ဘောဒီးယားမှာ အငှားကိုယ်ဝန်ဆောင်လုပ်ငန်းနဲ့ စာရွက်စာတမ်းအတု လုပ်မှုတွေနဲ့ ဩစတြေးလျ သူနာပြု တယောက်ကို ကမ္ဘောဒီးယား တရားရုံး က ထောင် တနှစ်ခွဲချလိုက်ပါတယ်။

ဩစတြေးလျ သူနာပြု တန်မီ ဒေးဗစ် ချားလ် ဟာ ဩစတြေးလျ နဲ့ အမေရိကန် နိုင်ငံ တို့ က ကလေး လိုချင်တဲ့ စုံတွဲ တွေ ကမ္ဘောဒီးယားကိုလာ၊ အဲဒီက အမျိုး သမီး တွေဆီမှာ အငှား ကိုယ်ဝန် ဆောင်မှု လုပ်နိုင်အောင်လို့ စီစဉ် ဆောင်ရွက် ပေးခဲ့ကြောင်း စစ်ဆေး တွေ့ ရှိခဲ့တာ ဖြစ်ပါတယ်။

တန်မီ ဒေးဗစ် ချားစ် ကို ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ လ မှာ ကမ္ဘောဒီးယား အာဏာ ပိုင် တွေက ဖနွမ်းပင် မြို့မှာ ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန် တုန်း က ကမ္ဘောဒီးယား မှာ က စီးပွားရေး အရ အငှား ကိုယ်ဝန်ဆောင် မှု တွေ မလုပ် ရဘူး လို့ တရားဝင် ပိတ်ပင် ကာစ အချိန်ပဲ ရှိပါသေးတယ်။

ကိုးလ နီးပါး အမှု စစ်ဆေး ပြီးတဲ့ နောက် သူ့ရဲ့ အငှား ကိုယ်ဝန်ဆောင် အေဂျင်စီ နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား တရားရုံး က ထောင်ဒဏ် အပြစ် ပေးလိုက်တာ ဖြစ်ပါတယ်။

အသက် ၄၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တန်မီ ကတော့ သူဟာ အငှား ကိုယ်ဝန်ဆောင် အမျိုးသမီး တွေကို ဆေးဝါး စောင့်ရှောက်မှုပေးဖို့ သူနာပြု အလုပ် လုပ်တာ လို့ ပြောပါတယ်။

ကမ္ဘောဒီးယား အမျိုးသမီးတွေ ကို အငှား ကိုယ်ဝန်ဆောင် ပေးဖို့ တိုက်တွန်း တာ မရှိဘူးလို့ သူ့ အပေါ်မှာ စွဲဆို ထားတဲ့ စွဲချက်တွေကို ငြင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ဖနွမ်းပင် မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဟာရိုး ဂရင်းဖစ် က သြစတြေးလျနဲ့ အမေရိကန် နိုင်ငံတွေက လူတွေဟာ ကိုယ်ဝန်ဆောင်ပေးဖို့ အမျိုးသမီး ကို ငှားတဲ့ အခါ ဒေါ်လာ ငါးသောင်း လောက် ပေးရပါတယ်။ အဲဒီ ထဲမှာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး က ဒေါ်လာ တသောင်းကျော်လောက်ပဲ ရတယ်လို့ သက်သေ တွေ က ထွက် ဆို ကြတယ်လို့ ပြောကြား ခဲ့ပါတယ်။

တန်မီ နဲ့ အတူ အလုပ်လုပ် ကိုင်တဲ့ ကမ္ဘောဒီးယား နိုင်ငံသား စမ်ရစ် ချာရီကီ နဲ့ ပင်ရစ်သေး တို့ကိုလည်း အငှား ကိုယ်ဝန်ဆောင် လုပ်ငန်း အတူ တကွ လုပ်ကိုင် မှုနဲ့ တရားရုံးက ထောင်ဒဏ် အပြစ် ပေးခဲ့ပါတယ်။

ဩစတြေးလျ နဲ့ အမေရိကန် က လိင်တူ လင်မယား တွေ၊ ကိုယ်ဝန် မရ နိုင်တော့တဲ့ လင်မယား စုံတွဲ တွေဟာ ကမ္ဘောဒီးယား ကို လာရောက် ပြီး သူတို့ ရဲ့ မျိုးဥ ကို ပေးပြီး ဒေသခံ အမျိုးသမီး တွေဆီမှာ ကိုယ်ဝန်ဆောင် စေတာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စတွေကို အနောက် နိုင်ငံတွေမှာ လုပ်ကိုင်မယ်ဆိုရင် ကိုယ်ဝန်ဆောင် မှု အတွက် ဒေါ်လာ သိန်းနဲ့ချီ ပြီး ပေးရနိုင်ပြီး တချို့ နိုင်ငံတွေမှာ ဥပဒေ နဲ့ တင်းတင်းကျပ်ကျပ် တားမြစ် ထားတာ ဖြစ်ပါတယ်။

အာရှ နိုင်ငံ အချို့မှာတော့ ဒီလို ကိစ္စ မျိုးတွေကို တရားဥပဒေ အရ တားမြစ် ထားခြင်း မရှိပါဘူး။ ပြီးတော့ အငှား ကိုယ်ဝန်ဆောင် တဲ့ လုပ်ငန်း ကို စီးပွား ဖြစ် လုပ်ကိုင်မှုတွေကလည်း ရှိနေကြတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ပြီးခံတဲ့ နိုဝင်ဘာလ ကမှ ထိုင်း နဲ့ အိန္ဒိယ နိုင်ငံတွေမှာ စီးပွားဖြစ် အငှား ကိုယ်ဝန်ဆောင် လုပ်ငန်း မလုပ်ဖို့ အစိုးရ တွေက ဥပဒေ ထုတ်ပြန်ပြီး တားမြစ် ထားတာ ဖြစ်ပါတယ်။

အဲဒါ နဲ့ အတူ ကမ္ဘောဒီးယား အစိုးရ ကလည်း အငှား ကိုယ်ဝန်ဆောင် အလုပ် ကို စီးပွားဖြစ် မလုပ်ဖို့ ဥပဒေ ထုတ်ပြန်ပြီး တားမြစ် ထားပါတယ်။