ရွေးကောက်ပွဲ ရုရှားပါဝင်မှု စုံစမ်း

  • 4 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အထူးစုံစမ်းရေးမှူး James Mueller

ပြီးခဲ့တဲ့အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရုရှားက ပါဝင်စွက်ဖက် တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းနေတဲ့ အထူးစုံစမ်း စစ်ဆေးရေးမှူး ရောဘတ်မူလာက အခုအခါ ဂရင်းဂျူရီ အဖွဲ့ဖွဲ့လိုက်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ သားအကြီးဆုံးနဲ့ ရုရှားရှေ့နေတို့ ပြီးခဲ့တဲ့ဇွန်လကတွေ့ခဲ့တယ် ဆိုတာနဲ့ပတ်သက်လို့ တရားရုံး ဆင့်ခေါ်စာတွေကို အမေရိကန် ပြည်သူတွေ ပါဝင်တဲ့ ပင်နယ်အဖွဲ့ဟာ ပို့နေပြီလို့ အမေရိကန် မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဂရင်းဂျူရီလို့ ခေါ်တဲ့ အဖွဲ့ဟာ စုံစမ်းစစ်ဆေးသူတွေ အနေနဲ့ ရာဇဝတ်မှုနဲ့ စွဲသင့်မစွဲသင့် ဆုံးဖြတ်နိုင်အောင် အထောက်အကူ ပြုမယ့်အဖွဲ့ဖြစ်ပါတယ်။ သူတို့ဘက်က သက်သေတွေဆီက ကျမ်းကျိန်ထားတဲ့ ထွက်ချက်တွေ ကိုတောင်းနိုင်သလို လိုအပ်တဲ့စာရွက် စာတမ်းတွေကိုလည်း စိစစ်နိုင်ပါတယ်။

အထူးစုံစမ်းရေးမှူး ရောဘတ်မူလာ အနေနဲ့ ထရမ့်မဲဆွယ်အဖွဲ့ဟာ ရုရှားတို့နဲ့ ပူးပေါင်း ဆောင်ရွက်တာရှိမရှိ စုံစမ်းရာမှာ ထူးခြားတဲ့ ဖြစ်ပေါ် တိုးတက်မှုတခု ဖြစ်ပါတယ်။ အခုအတိုင်းဆို အရေးကြီးတဲ့ စုံစမ်းစစ်ဆေးမှု တွေအတွက် ဝရမ်းထုတ်လုပ်နိုင်လောက်တဲ့ လုံလောက်တဲ့ အထောက်အထား ရှိတဲ့သဘောဖြစ်ပါတယ်။

ထရမ့်ဂျူနီယာနဲ့ ရုရှားရှေ့နေတို့ နှစ်ယောက်ကြား အပြန်အလှန်ပို့ထားတဲ့ အီးမေးလ်တွေအရဆိုရင် ဟီလရီကလင်တန်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုရမယ်လို့ ကတိကဝတ်ကြောင့် ထရမ့်ဂျူနီယာ ကတွေ့ဖို့ သဘောတူတာလို့ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ ဒီစုံစမ်းမှုဟာ သက်သက်တရားခံရှာတာပဲလို့ ပြောပါတယ်။ သမ္မတအိမ်ဖြူတော်ကတော့ မူလာနဲ့အပြည်အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ပြောလိုက်ပြီး တရားမျှတတဲ့အဖြေ အမြန်ထွက်ရေးအတွက်လည်း လိုလားတယ်လို့ဆိုပါတယ်။

နောက်တခါ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တွေက ထရမ့်အနေနဲ့ ရောဘတ်မူလာကို ရာထူးက ထုတ်မပစ်နိုင်အောင် ပါတီ၂ခုလုံးနဲ့ ဆိုင်တဲ့ဥပဒေကြမ်း တွေကို အဆိုပြုထားပါတယ်။ ဒီဥပဒေတွေအရ တရားရေး ဆိုင်ရာ ပြန်လည် သုံးသပ်ချက်မပါပဲ သမ္မတက အထူးစုံစမ်းစစ် ဆေးရေးမှူးကို ဖြုတ်နိုင်မှာမဟုတ်ပါဘူး။

တကယ်လို့ဒီစုံစမ်းမှုတွေဟာ သမ္မတရဲ့ငွေကြေးတွေ အထိပါလာရင် မူလာကို ဖြုတ်ပစ်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက ရုရှားကိ စ္စစုံစမ်းမှုနဲ့ပတ်သက်လို့ အက်ဘီအိုင် အကြီးအကဲ James Comeyကိုသမ္မတက ဖြုတ်ပစ်လိုက်တဲ့သာဓကရှိပါတယ်။