အက်စ်တိုးနီးယားက မောင်းသူမဲ့ ဘတ်စ်ကားစနစ်

  • 4 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် ESTONIAN EU PRESIDENCY
Image caption မောင်းသူမဲ့ ဘတ်စ် စနစ် စတင်ခဲ့ရာမှာ ယာဉ်တိုက်မှု မဖြစ်ပွားခဲ့ပေမယ့် မတော်တဆ ကြုံရလုနီးပါး အခြေအနေ တချို့တော့ ဖြစ်ပွားခဲ့ပါတယ်။

ဥရောပတိုက် မြောက်ပိုင်းက အက်စ်တိုးနီးယား နိုင်ငံ မြို့တော် တဲလင် (Tallinn) မှာ ယာဉ်မောင်း မပါတော့တဲ့ အများပြည်သူသုံး မော်တော်ယာဉ် စနစ်ကို ခဏတာ စမ်းသပ် အသုံးပြုနေတာမှာ စတင်တဲ့ ပထမ ၃ ရက် အတွင်း ကြီးမားတဲ့ မတော်တဆ အဖြစ်အပျက်တွေ မရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တဲလင်မှာ ဥရောပသမဂ္ဂ ဘောလတစ်နိုင်ငံများ သမ္မတရုံးဆိုက်တဲ့ အထိမ်းအမှတ် နည်းပညာကို အသုံးချပြီး လူမှုဝန်းကျင်ကို အကျိုးပြုစေတဲ့ အစီအစဉ် တစိတ်တပိုင်း အနေနဲ့ မောင်းသူမဲ့ဘတ်စ်ကား ၂ စင်း ကို မြို့လယ်ခေါင်ကနေ ဥရောပသမဂ္ဂ သမ္မတ ၆ လကြာ ရုံးစိုက်မယ့် နေရာ အထိ လမ်းကြောင်း တခု သတ်မှတ် ပြေးဆွဲနေတာပါ။

ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တဲ့ ဒီစနစ်မှာ ယာဉ်မတော်တဆ ကြုံရလုနီးပါး အဖြစ်အပျက်တချို့ ဖြစ်ခဲ့ပေမယ့် လမ်းပေါ်က အခြား ယာဉ် အသွားအလာတွေနဲ့ တိုက်မိတာမျိုးတော့ မရှိခဲ့ဘူးလို့ အက်စတိုးနီးယား နိုင်ငံပိုင် မီဒီယာ ERR မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အဲဒီ မောင်းသူမဲ့ ဘတ်စတွေက အရေးပေါ် မီးဖွင့်ပြီး မောင်းလာတဲ့ ရဲကားကို ဦးစားပေး လမ်းဖယ် မပေးတာမျိုးနဲ့ လူကူးမျဉ်းကြားမှာ မီးနီနေတာကို မရပ်ဘဲ ဖြတ်မောင်းသွားတာမျိုးတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောတယ်လို့ အဲဒဲ သတင်းကပဲ ဆိုပါတယ်။

ဘတ်စ်တွေက မောင်းသူမဲ့ ဆိုပေမယ့်လည်း အက်စ်တိုးနီယား လမ်းစည်းကမ်း ဥပဒေ အရ ကားတွေပေါ်မှာ တာဝန်ရှိ ဝန်ထမ်း တယောက်ကတော့ ထိုင်လိုက်ပါရပြီး ခရီးသည်တွေကို ကြိုဆို နှုတ်ဆက်ကာ မောင်းသူမဲ့ နည်းပညာ အကြောင်း ရှင်းပြရတယ်လို့လည်း ERR သတင်းက ဆိုပါတယ်။

မောင်းသူမဲ့ ဘတ်စကားတွေ အတွက် ယူရို ဒေါ်လာ ၁၀ဝ,ဝ၀ဝ ကုန်ကျပြီး ပုဂ္ဂလိက ကုမ္ပဏီက ငွေကြေး ကမကထ ပြုပါတယ်။ ဒီစနစ်ကို သြဂုတ်လ အကုန် အထိ ပြေးဆွဲမယ်လို့ သိရပါတယ်။