ပြင်သစ်လေယာဉ် မြောက်ကိုရီးယားဒုံးနဲ့ သီသီလွဲ

  • 4 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ဂျပန်ပင်လယ်ပြင်ထဲကို ပြင်သစ်လေယာဉ်မဖြတ်သန်းခင် မိနစ်ပိုင်းအလိုမှာ ကျ

ခရီးသည် ၃၃၀ ကျော် တင်ဆောင်လာတဲ့ ပြင်သစ်လေကြောင်းလိုင်း Air France ပိုင် လေယာဉ် တစင်းဟာ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံး တစင်းရဲ့ ၁၀ဝ ကီလိုမီတာ (၆၂ မိုင်) အကွာအဝေးလောက်ကနေ ဖြတ်သန်းသွားခဲ့တယ်လို့ အမေရိကန်နဲ့ ဂျပန် နိုင်ငံတွေရဲ့ တာဝန်ရှိသူတွေ ပြောပါတယ်။

တိုကျို မြို့တော်ကနေ ပါရီမြို့တော်ကို ပျံသန်းလာတဲ့ ပြင်သစ် ခရီးသည်တင် ဘိုရင်း ၇၇၇ အမျိုးအစား အဲဒီလေယာဉ်ဟာ မြောက်ကိုရီးယား ဒုံးကျည်ကျရောက်ခဲ့တဲ့ နေရာကို ဒုံးကျည် ဆင်းသက်ပြီး ၁၀ မိနစ် အကြာမှာ ဖြတ်သန်းသွားခဲ့တာပါ။

လေယာဉ်ဟာ အန္တရာယ် တစုံတရာ ကြုံတွေ့ခဲ့ရတာမျိုး မရှိခဲ့ပေမယ့် နောင်မှာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မြောက်ကိုရီးယားနိုင်ငံနားမှာ သူတို့ရဲ့ လေယာဉ်မပျံသန်းရ ကန့်သတ်နယ်မြေ အကျယ်အဝန်းကို တိုးချဲ့သွားမယ်လို့ Air France က ပြောပါတယ်။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားဒုံးပျံက လေယာဉ် အသွားအလာများတဲ့ ဝေဟင်နယ်နိမိတ်ကို ဖြတ်သန်းသွားခဲ့တယ်လို့လည်း ပါရှိပါတယ်။

မြောက်ကိုရီးယား ဒုံးကျည် လေပေါ်မှာ ရှိနေတုန်းမှာ ပြင်သစ်လေယာဉ် ပျံသန်းခဲ့တဲ့ လမ်းကြောင်းက ဂျပန်နိုင်ငံရဲ့ ပင်မကျွန်းစုတွေထဲက မြောက်ဘက်အစွန်း ဟိုကိုင်းဒိုကျွန်းပေါ်မှာလို့ ဆိုပါတယ်။

ဒုံးကျည်က ဝေဟင်မှာ ပျံသန်းပြီး နောက်ဆုံးမှာ ကုန်သည်စီးပွား ရေကြောင်းလိုင်းတွေနဲ့ ငါးဖမ်း သင်္ဘောတွေရှိရာ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ရေပိုင်နက်ထဲကို ကျရောက်ခဲ့တယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီး ဂျက်ဖ်ဒေဗစ်က ပြောပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လတုန်းက အမ်စတာဒမ်ကနေ ကွာလမ်လာပူကို ပျံသန်းလာတဲ့ မလေးရှား လေကြောင်း အမှတ် အမ်အိတ်ချ် ၁၇ လေယာဉ် ယူကရိန်း အရှေ့ပိုင်းမှာ ပျက်ကျခဲ့တာကို ရုရှ လုပ် ဒုံးကျည် တစင်း ထိမှန်ခဲ့လို့ ဆိုပြီး စွပ်စွဲမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ခရီးသည် ၂၈၃ ယောက် သေဆုံးခဲ့ရပါတယ်။