တောင်ကိုရီးယား ရွေးကောက်ပွဲ ထောက်လှမ်းရေး ဝင်ရှုပ်

  • 4 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption သမ္မတလောင်း ပတ်ဂွမ်ဟေး နိုင်ဖို့ ဆိုပြီး ထောက်လှမ်းရေးက အဖွဲ့ ၃ဝ ခွဲပြီး ၂ နှစ်လောက် ကြံစည် နေခဲ့

တောင်ကိုရီးယားမှာ ထောက်လှမ်းရေး အေဂျင်စီ က ၂ဝ၁၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကို ဝင်ပြီး ချယ်လှယ်ဖို့ ကြိုးစားခဲ့ကြောင်း ဝန်ခံခဲ့ရပါတယ်။

တောင်ကိုရီးယားမှာ ရှေးရိုးစွဲ သမ္မတလောင်း ပတ်ဂွမ်ဟေး နိုင်ဖို့ ဆိုပြီး ထောက်လှမ်းရေးက အဖွဲ့ ၃ဝ ခွဲပြီး ၂ နှစ်လောက် ကြံစည် နေခဲ့တာလို့ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ရုံးတွင်း စစ်ဆေးရေး အရ သိလာရတာ ဖြစ်ပါတယ်။

အဲဒီတုန်းက ရွေးကောက်ပွဲမှာ ပတ်ဂွမ်ဟေးက သဘောထား ခေတ်မီတဲ့ မွန်ဂျေအင်းကို နိုင်ခဲ့ပါတယ်။

အခုတော့ ပတ်ဂွမ်ဟေး တယောက် အကျင့်ပျက် ခြစားမှု ၊ အာဏာ အလွဲသုံးမှုတွေနဲ့ တရားရင်ဆိုင် နေရပါပြီ။

မွန်ဂျေအင်းကတော့ သူ့နေရာမှာ သမ္မတ အဖြစ် ဆက်ခံခဲ့တာပါ။

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဝမ်းဆေးဟွန်းကိုတော့ ဒီလို ရွေးကောက်ပွဲမှာ ခြေရှုပ်မှုတွေနဲ့ ဒုတိယ အကြိမ် ရုံးထုတ်ခဲ့ပါတယ်။

သူ့ကို ၂ဝ၁၅ ကတည်းက ထောင် ၃ နှစ်ချခဲ့ပြီး ဖြစ်ပါတယ်။ အယူခံမှာ နိုင်သွားပြီးနောက်မှ ထပ်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ထောက်လှမ်းရေး က အင်တာနက် ဝိဇ္ဇာတွေကို ငှားပြီး လူမှု ကွန်ရက်တွေကနေ လူတွေကြား စည်းရုံး သိမ်းသွင်းမှုတွေ လုပ်ခဲ့ကြောင်း ရုံးတွင်း စစ်ဆေးချက်တွေအရ သိလာရပါတယ်။

အဲဒီတုန်းက နားတော့မယ့် သမ္မတ လီမြောင်ဘတ် နေရာမှာ နောက်ထပ် ရှေးရိုးစွဲ တယောက်ဖြစ်တဲ့ ပတ်ဂွမ်ဟေးကို အစားထိုးဖို့ ထောက်လှမ်းရေးက ကြံစည်တာပါ။

ဒီမှာ ပတ်ဂွမ်ဟေးက အနည်းစု အသာနဲ့ ကပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ အာဘော်တွေ ဖြန့်ပြီး အတိုက်အခံတွေကို မြောက်ကိုရီးယား လူတွေဆိုပြီး တံဆိပ်ခတ်တဲ့ ပုဒ်မတွေနဲ့ ဒီထောက်လှမ်းရေး တွေကို စွဲဆိုထားပါတယ်။

နောက်ပြီး ၂ဝ၁၁ နဲ့ ၁၂ ခုနှစ်တွေက လွှတ်တော် ရွေးကောက်ပွဲတွေမှာ ထောက်လှမ်းရေးက အတိုက်အခံ တွေကို နောက်ယောင်ခံပြီး ခြေရှုပ်ဖို့ လုပ်ခဲ့တယ် ဆိုတာ တွေ့လာရပါတယ်။

လက်ရှိ သမ္မတ ကတော့ ထောက်လှမ်းရေးကို ပြောင်းလဲဖို့ ကြုံးဝါးထားပါတယ်။ ထောက်လှမ်းရေး ဌာန တာဝန်ခံ အသစ်ကလည်း ပြည်တွင်း နိုင်ငံရေးထဲ ဝင်ရှုပ်တာတွေ ရပ်ပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။

ပတ်ဂွမ်ဟေးရဲ့ ပါတီကတော့ ဒီလို အမှုဟောင်းကို အစဖော်ပြီး စုံစမ်းတာကိုကပဲ ထောက်လှမ်းရေးက နိုင်ငံရေးထဲ ဆက်ပါနေတာကို ပြနေတာလို့ ဆိုပါတယ်။

ပတ်ဂွမ်ဟေးကို ဧပြီလက လာဘ်စားမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု၊ အာဏာ အလွဲသုံးမှုတွေနဲ့ စွဲဆိုထားပါတယ်။

သူ့ရဲ့ မိတ်ဆွေရင်း ချွိုင်ဆွန်ဆီကို ကုမ္ပဏီတွေဆီက ငွေညှစ်ဖို့ ခွင့်ပြုခဲ့တယ်ဆိုပြီး စွပ်စွဲကြပေမယ့် ပတ်ဂွမ်ဟေးက ငြင်းဆိုပါတယ်။