အမေရိကန် သတင်းပေါက်ကြားမှု အရေးယူမယ်

  • 5 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်ရှေ့နေချုပ် မစ္စတာဂျက်ဖ်ဆက်ရှင်

အမေရိကန် အစိုးရရဲ့ လျှို့ဝှက်သတင်းအချက်အလက် ပေါက်ကြားမှုတွေကို တင်းတင်းကြပ်ကြပ်အရေးယူမယ်လို့ အမေရိကန်ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်က ပြောကြားခဲ့ပါတယ်။

ဒီလို အစိုးရရဲ့ သတင်းအချက်အလက် ပေါက်ကြားမှု တားဆီးရေး ကြိုးပမ်းမှု အစ အဖြစ် လူ ၄ ဦးကို စွဲချက်တင်ထားပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

နောက်ထပ်လည်း အရေးယူသွားဖို့ သူ့အနေနဲ့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သမ္မတထရမ် အစိုးရလက်ထက်မှာ အရင်သမ္မတအိုဘားမား လက်ထက်ကထက် လျှို့ဝှက်သတင်းပေါက်ကြားမှု သုံးဆပိုများလာနေတယ်လို့ သူက ပြောပါတယ်။

ဒါကို FBI က ဌာနသစ် တခုဖွင့်ပြီး ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။

ဒီလို သတင်းပေါက်ကြားမှုတွေနဲ့ပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းမရှိဘူးလို့ သူကို သမ္မတရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်က ဝေဖန်ခဲ့ပြီးတဲ့နောက် မစ္စတာ ဆက်ရှင်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

လျှို့ဝှက်သတင်းပေါက်ကြားမှုကြောင့် အစိုးရရဲ့ နိုင်ငံတော်ကာကွယ်ရေး စွမ်းရည်ကို ထိခိုက်စေတယ်လို့လည်း မစ္စတာ ဆက်ရှင်က ပြောခဲ့ပါတယ်။

မက္ကဆီကို နဲ့ သြစတြေးလျက ခေါင်းဆောင်တွေနဲ့ သမ္မတထရမ့်ကြား လူသိမခံချင်တဲ့ ဖုန်းဆက်သွယ် ပြောဆိုမှုတွေကို အမေရိကန် သတင်းမီဒီယာတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

သတင်းမီဒီယာတွေဆီ သတင်းပေါက်ကြားမှုကို တားဆီးဖို့ ကြိုးစားမယ်လို့လည်း မစ္စတာ ဆက်ရှင်က ပြောပါတယ်။

သတင်းစာဆရာတွေကို သူတို့သတင်းရရှိရာ သတင်းပေး ဒါမှမဟုတ် သတင်းအရင်းအမြစ်တွေကို ထုတ်ဖေါ်ပြောဆိုအောင် ဥပဒေအရ ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာကိုလည်း လေ့လာဆန်းစစ်နေတယ်လို့ ဆိုပါတယ်။

အရေးပါတဲ့ သတင်းမီဒီယာရဲ့ ကဏ္ဍကို လေးစားကြောင်း ၊ဒါပေမယ့် အကန့်အသတ်နဲ့ပဲ လေးစားမှာဖြစ်ကြောင်း၊ သတင်းမီဒီယာရဲ့ အရေးပါတဲ့ ကဏ္ဍကတဘက် နိုင်ငံတော် လုံခြုံရေး၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ထောက်လှမ်းရေးအဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ်၊ ဥပဒေကို လေးစားလိုက်နာတဲ့ အမေရိကန်ပြည်သူတွေရဲ့ အသက်အိုးအိမ် စတာတွေကတဘက် ဒီ နှစ်ဘက်ကို သူတို့အနေနဲ့ ချိန်ခွင်လျှာ မျှအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်က သြဂုတ်လ ၄ ရက်နေ့က ပြောကြားသွားခဲ့ပါတယ်။