၂၁ရာစုအကုန် ဥရောပမှာ အပူဒဏ်ကြောင့် လူသိန်းချီအန္တရာယ်ရှိ

  • 5 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဥရောပတောင်ပိုင်းနိုင်ငံတွေမှာ ဆယ်စုနှစ်အတွင်း စံချိန်တင် အပူချိန်မြင့်တက်မှုတွေ ဖြစ်ပေါ်နေ

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကို မလျှော့ချနိုင်ရင် ဥရောပမှာ ပိုဆိုးလာမယ့် အပူလှိုင်းဒဏ်တွေကြောင့် နောက်ထပ် ရာစုနှစ် တခုအတွင်း တနှစ်ကို လူ တသိန်းခွဲလောက်အထိ သေဆုံးနိုင်တယ်လို့ ဥရောပကော်မရှင်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတခုက ခန့်မှန်းလိုက်ပါတယ်။

ဥရောပလူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက်ဟာ ၂၁၀ဝ ပြည့်နှစ် နှောင်းပိုင်းမှာ ရာသီဥတုကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေ ကြုံရနိုင်တယ် ဆိုပြီးတော့လည်း လန်းဆက် ဂြိုဟ်ကမ္ဘာ ကျန်းမာရေး ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီလေ့လာမှုက ကောက်ချက်ချထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မကြာသေးခင်က ပြင်သစ်တောင်ပိုင်းမှာဖြစ်ခဲ့တဲ့ မီးကြောင့် လူသောင်းချီထွက်ပြေးခဲ့ရပြီး ပေါ်တူဂီက တောမီးမှာဆိုရင် လူဒါဇင်နဲ့ချီ သေဆုံးခဲ့

အခုလို ခန့်မှန်းမှုတွေမှာ အလွန်အကျွံတွက်ချက်ထားတာလည်း ရှိနိုင်တယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမယ့် ဥရောပမှာ ၁၉၈၁ ကနေ ၂၀၁၀ အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် တနှစ် သေဆုံးသူ ၃၀ဝ၀ ပျမ်းမျှ တက်လာတဲ့ နှုန်းအတိုင်းဆိုရင် ၂၀၇၁ ကနေ ၂၁၀ဝ ခုနှစ် အတွင်း နှစ်စဉ်သေဆုံးသူ တသိန်းနှစ်သောင်းလောက် ရှိနိုင်မယ်ဆိုပြီး ဒီလေ့လာမှုက ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

အခုလို တွက်ချက်တဲ့အထဲမှာပါဝင်တဲ့ နိုင်ငံတွေကတော့ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံအပါအဝင် နော်ဝေး၊ ဆွစ်ဇာလန်နဲ့ အိုင်စလန်တို့ ပါဝင်ပြီး နှစ်သုံးဆယ်ကာလအတွင်းက အချက်အလက်တွေကို ထည့်တွက်ခဲ့တာ ဖြစ်သလို ၂၂ ရာစုမှာ အပူချိန် သုံးဒီဂရီဆဲလ်စီးယက်စ် အထိတက်လာနိုင်တယ်လို့လည်း ပိုတွက်ထားခဲ့တာ ဖြစ်ပါတယ်။

အခုလို ရာသီဥတုဖောက်ပြန်မှုတွေဟာ ဥရောပတောင်ပိုင်းနိုင်ငံတွေမှာ ဖြစ်နိုင်ချေ ပိုများနေပြီး လက်ရှိအချိန်မှာလည်း ဒီဒေသက နိုင်ငံတွေမှာ ဆယ်စုနှစ်အတွင်း စံချိန်တင် အပူချိန်မြင့်တက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အီတလီမြို့တော် ရောမက စိန့်ပီတာ ရင်ပြင်မှာ သောက်ရေပိုက်ကဆင့် အပူဒဏ်ဖြေဖျောက်နေသူ တဦး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စပိန်မြို့တော် မက်ဒရစ်၊ အီတလီမြို့တော် ရောမနဲ့ ချက်သမ္မတနိုင်ငံရဲ့ မြို့တော် ပရာ့ဂ်တို့မှာ အပူချိန် ၄၀ ဒီဂရီ ပတ်ဝန်းကျင်အထိ တက်သွားခဲ့တာ ဖြစ်ပါတယ်။

အခုလို အလားအလာရှိနေတဲ့အတွက် ပတ်ဝန်းကျင် ထိခိုက်စေတဲ့ လောင်စာ သုံးစွဲမှု လျှော့ချဖို့နဲ့ တောမီးလောင်တာ၊ မိုးခေါင် ရေရှားတာနဲ့ ရေကြီးတဲ့ အန္တရာယ်အတွက် ပိုပြီး ပြင်ဆင်ထားဖို့ ဒီလေ့လာမှုကို ပြုလုပ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက တိုက်တွန်းထားပါတယ်။