လက်နက်စမ်းတာတွေ ရပ်ဖို့ မြောက်ကိုရီးယားကို တရုတ်ပြော

  • 6 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကလည်း အခြေအနေတွေ ပိုပြီး တင်းမာလာအောင် မလုပ်ဖို့ လိုတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီက တိုက်တွန်းထား

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ စီးပွားရေးဒဏ်ခတ်မှုကို ခေါင်းအေးအေးထား တုန့်ပြန်ပြီး နျူးကလီးယားနဲ့ ဒုံးကျည်စမ်းသပ်တာတွေကို ပါးနပ်စွာနဲ့ ရပ်ဖို့လိုနေပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီက တိုက်တွန်းလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ထိပ်သီး အစည်းအဝေးပွဲတွေကို တက်ရောက်နေတဲ့ မစ္စတာ ဝမ်ရီက ဒီပွဲကို တက်ရောက်လာတဲ့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုနဲ့ တွေ့ဆုံအပြီးမှာ အခုလို ပြောလိုက်တာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကလည်း အခြေအနေတွေ ပိုပြီး တင်းမာလာအောင် မလုပ်ဖို့ လိုတယ်လို့ သူက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီ

မြောက်ကိုရီးယားဟာ ဝေဖန်မှုတွေ ရှိနေတဲ့ကြားက အမေရိကန်နိုင်ငံထဲအထိ ရောက်အောင် ပစ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ခဲ့တာကို ဒဏ်ခတ်တဲ့အနေနဲ့ အမေရိကန်က တင်သွင်းတဲ့ စီပွားရေး ပိတ်ဆို့မှု အဆိုပြုချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက သြဂုတ်လ ၅ ရက်နေ့မှာ တခဲနက် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ပိတ်ဆို့မှုကို မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေးနဲ့ ပင်လယ်စာ အပါအဝင် တခြား ပို့ကုန်တွေ ရောင်းချခွင့် ပိတ်ဖို့ လုပ်တာ ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ပို့ကုန်တန်ဖိုး သုံးပုံ တပုံ ဆုံးရှုံးစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေးနဲ့ ပင်လယ်စာ အပါအဝင် တခြား ပို့ကုန်တွေ ရောင်းချခွင့် ပိတ်ခံရ

အခုလို ပို့ကုန် ပိတ်ပင်တဲ့အထဲမှာ သံနဲ့ ခဲတင်ပို့မှုလည်း ပါဝင်ပြီး ရင်းနှီးမြုပ်နှံမှု ပိတ်ပင်တာနဲ့ တဦးချင်းလိုက် စီးပွားရေးပိတ်ဆို့တာတွေလည်း ပါဝင်ပါတယ်။

အခုလို မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်မှုကို တရုတ်နဲ့ တောင်ကိုရီးယားက ကြိုဆိုထားပေမယ့် ဒါဟာ တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းစတခုလည်း ဖြစ်သင့်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေသတွင်း အာရှနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေအပါအဝင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးပါ တက်ရောက်ခဲ့တဲ့ မြို့တော် မနီလာက ဒီထိပ်သီးအစည်းအဝေးပွဲတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆင်လည်း တက်ရောက်ခဲ့ပေမယ့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးခြားတွေ့ဆုံဖို့တော့ အစီအစဉ် မရှိဘူးလို့ အမေရိကန်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ မစ္စတာ တေလာဆင်က အမေရိကန်ဟာ မြောက်ကိုရီးယားကို ရန်သူလို သဘောထားပြီး အစိုးရဖြုတ်ချဖို့လည်း ရည်ရွယ်ချက် မရှိပေမယ့် ဒုံးလက်နက်တွေ စမ်းသပ်နေတာကတော့ လက်မခံနိုင်စရာ ခြိမ်းခြောက်မှုလို့ ပြောဆိုထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ