ကျွန်းတုဆောက်တဲ့ လုပ်ရပ်အပေါ် အာဆီယံ ဝေဖန်

  • 6 ဩဂုတ် 2017
Image caption တရုတ်ကို နာမည်တပ် ပြောတာမျိုး မလုပ်ပဲ ရှောင်ကြဉ်

ပိုင်ဆိုင်မှု အငြင်းပွား နေတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲ တရုတ် အစိုးရက ကျွန်းတုတွေ ဆောက်လုပ် နေတာကို ဝေဖန်လိုပုံ ရတဲ့ အာဆီယံ ၁ဝ နိုင်ငံရဲ့ ပူးတွဲ ကြေညာချက် တစ်စောင် ထွက်ပေါ် လာပါတယ်။

ကျွန်းတုတွေ တည်ဆောက်တာမျိုးဟာ ယုံကြည်မှု ပျက်ပြားစေပြီး၊ တင်းမာမှုတွေသာ တိုးမြင့် လာစေနိုင်တယ်လို့ အာဆီယံ နိုင်ငံတွေရဲ့ ကြေညာချက်ထဲ တွေ့ရပေမယ့် တရုတ် နိုင်ငံကိုတော့ နာမည်တပ်ပြီး ပြောဆို ရည်ညွှန်းတာမျိုး မလုပ်ပဲ ရှောင်ကြဉ် ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အကြိမ် ၅ဝ မြောက် အစည်းအဝေးနဲ့ တခြား ဆက်စပ် အစည်းအဝေးတွေ နှစ်ရက်တာ ကျင်းပ ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထုတ်ပြန် လာတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တောင်တရုတ် ပင်လယ် အရေး အပါအဝင် ကိစ္စချင်းရာ အားလုံးအပေါ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဘက်က အင်မတန် အပြုသဘော ဆောင်တဲ့ သဘောထားမျိုး ထားရှိတာ တွေ့ရတယ် ဆိုပြီး ပြောဆို ခဲ့ပါတယ်။

တောင်တရုတ် ပင်လယ်ပြင်ထဲက ကျွန်းတုတွေကို ငြိမ်းချမ်းတဲ့ သဘောထား အရင်းခံနဲ့သာ အသုံးချမှာ ဖြစ်တယ်လို့ ဘေဂျင်း အစိုးရဘက်က ပြောဆို နေပေမယ့်၊ အာဆီယံ နိုင်ငံ တချို့ အပါအဝင် ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေကတော့ တရုတ်ဘက်က ပိုမို ကျယ်ပြန်တဲ့ ပိုင်နက် နယ်မြေတွေ ရရှိ ထိန်းချုပ် နိုင်အောင် ရည်ရွယ် လုပ်ဆောင်မလား ဆိုပြီး စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ခြင်း မရှိပဲ၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင် ဦးဆောင်တဲ့ အဖွဲ့ကို မြန်မာဘက်က စေလွှတ်ခဲ့တာ တွေ့ရပါတယ်။