တပ်တွင်း အုံကြွမှု အပြီး လွတ်မြောက်သူ ၁၀ ဦးကို ဗင်နီဇွဲလား ရှာဖွေ

  • 7 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဗလင်စီယာမြို့ပေါ်မှာ တနင်္ဂနွေနေ့က ကင်းလှည့်နေတဲ့ ရဟတ်ယာဉ်တစင်းကိုတွေ့ရစဉ်

ဗင်နီဇွဲလားနိုင်ငံ ဗလင်စီယာမြို့မှာ ဖြစ်ခဲ့တဲ့ တပ်တွင်း အုံကြွမှုအပြီး လွတ်မြောက်နေသူ ၁၀ ဦးကို ရှာဖွေနေတယ်တယ်လို့ သမ္မတ နီကိုးလပ်စ်မာဒူရိုက ပြောပါတယ်။

နိုင်ငံရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ဗလင်စီယာမြို့က စစ်စခန်းတိုက်ခိုက်မှုမှာ လူ ၂၀ က ပါဝင်ခဲ့တာဖြစ်ပြီး ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရခဲ့ကာ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဗင်နီဇွဲလားအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အွန်လိုင်းမီဒီယာတွေပေါ်မှာ အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ ဗွီဒီယို ကလစ်တခုမှာတော့ စစ်တပ်ယူနီဖောင်းဝတ်ထားတဲ့ လူတစုဟာ လူသတ်အာဏာရှင် အစိုးရကို ဆန့်ကျင်ကြောင်းနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေးအတွက် တောင်းဆိုကြောင်း ပြောဆိုနေတာတွေ့ရပါတယ်။ အဲဒီတပ်တွင်း ပုန်ကန်မှုကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့ပြီး အာဏာပိုင်တွေဘက်က နှိမ်နင်းခဲ့ပါတယ်။

နိုင်ငံပိုင်ရုပ်သံကနေတဆင့် မာဒူရိုရဲ့ ပြောဆိုမှုမှာတော့ အဲဒီအုံကြွမှုကို နာရီပိုင်းအတွင်း နှိမ်နင်းနိုင်ခဲ့တဲ့အတွက် စွမ်းဆောင်ပေးခဲ့တဲ့ စစ်တပ်ကို ဂုဏ်ပြုကြောင်း ပြောဆိုထားပါတယ်။ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ကြေးစားတွေရဲ့ တိုက်ခိုက်မှုဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသူတွေကို ဖမ်းဆီးနိုင်အောင် လိုက်ရှာဖို့ သံန္နိဌာန်ချထားတယ်လို့လည်း မာဒူရိုက ပြောပါတယ်။

စစ်တပ်သုံး ရဟတ်ယာဉ်တွေဟာ ဗလင်စီယာ မြို့အနီးမှာ ကင်းလှည့်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံ လွှမ်းမိုးတဲ့ လွှတ်တော်ကို ကျော်လွန်နိုင်ဖို့အတွက် ဥပဒေတရပ် ပြဌာန်းနိုင်ရန် အစိုးရက ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ အချိန်ကစလို့ ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ကာလအတွင်းမှာကိုပဲ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေဖြစ်ခဲ့ပြီး နိုင်ငံတကာကလည်း ဗင်နီဇွဲလားအစိုးရရဲ့ ပြုမူဆောင်ရွက်မှုတွေအပေါ် ၀ိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။

အစိုးရကတော့ ရွေးကောက်ပွဲရလာဒ်ဟာ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ ကြွေးကြော်နေပြီး ဖွဲ့စည်းပုံ အသစ်ရေးဆွဲဖို့ ကော်မတီ တရပ်ဖွဲ့စည်းမှုအပြီး ၂ ရက်အကြာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အခုလို တပ်တွင်းအုံကြွမှု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားအစိုးရကတော့ အဲဒီ အုံကြွတိုက်ခိုက်မှုမှာ ဗိုလ်အဆင့် တပ်ပြေးတဦးသာ စစ်တပ် တပ်ဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ကျန်သူတွေကတော့ အရပ်သားတွေက စစ်တပ်ယူနီဖောင်းဝတ်ထားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။