ကုလ အရေးယူမှု အမေရိကန်အပေါ် မြောက်ကိုရီးယား တုံ့ပြန်မယ်

  • 7 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပြုံယမ်း အစိုးရရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုတွေ တိုးမြင့်နေ

ကုလသမဂ္ဂမှာ ပိတ်ဆို့ အရေးယူမယ့် အစီအစဉ် အသစ် ရေးဆွဲခဲ့တာနဲ့ စပ်လျဉ်းပြီး အမေရိကန်ကို တုံ့ပြန်လက်စားချေဖို့ သန္နိဋ္ဌာန် ချထားကြောင်း မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။

အဏုမြူ လက်နက် စမ်းသပ်တာတွေ မလုပ်ဖို့ ကုလသမဂ္ဂရဲ့ တားမြစ်ထားချက်ကို မြောက်ကိုရီးယားက ဖောက်ဖျက်နေတဲ့ အတွက် စီးပွားရေး အရ ပိတ်ဆို့ အရေးယူဖို့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့ စနေနေ့တုန်းက အဖွဲ့ဝင် နိုင်ငံအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ချက် ချခဲ့တာပါ။

ဒီဆုံးဖြတ်ချက်က နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးတာပဲလို့ မြောက်ကိုရီးယား အစိုးရ သတင်းဌာန ကေစီအဲန်အေက တုံ့ပြန်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အရေးယူမှုမှာ အမေရိကန် ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကိုလည်း ပြစ်တင်ထားပြီး အမေရိကန် အနေနဲ့ သူကျူးလွန်တဲ့ ရာဇဝတ်မှု အတွက် အဆ ထောင်နဲ့ချီ ပြန်လည် ပေးဆပ်ရမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

အခု ပိတ်ဆိုအရေးယူမှု အသစ်က မြောက်ကိုရီးယားရဲ့ ပြည်ပပို့ကုန်ဝင်ငွေကို ၃ ပုံ ၁ ပုံ အထိ လျော့ကျသွားစေဖို့ ပစ်မှတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်ခြားမှာ စစ်ပွဲ အတွက် နှစ်ဘက်စလုံးက အမြဲ အဆင်သင့် ပြင်ဆင်ထား

အခု နှစ်ထဲမှာ မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်တာတွေ အဆက်မပြတ် ပြုလုပ်နေပြီး ကိုရီးယားကျွန်းဆွယ်နဲ့ ဒေသတွင်းမှာ တင်းမာမှုတွေ ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် တနင်္လာနေ့မှာ ထွက်ပေါ်လာတဲ့ မြောက်ကိုရီးယားရဲ့ တုံ့ပြန်ချက်မှာ သူတို့ အနေနဲ့ အငြင်းပွားဖွယ် ဖြစ်နေတဲ့ နျူကလီးယား အစီအစဉ်တွေကို ဆက်လက် ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။

အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပြီး နိုင်ငံကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ နျူကလီးယား အစီအစဉ်တွေကို ညှိနှိုင်းရေး စားပွဲပေါ်မှာ အားနည်းစေမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား ကေစီအဲန်အေ သတင်းက ဆိုပါတယ်။

သီခြားထွက်ပေါ်ခဲ့တဲ့ တောင်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ရိုးသားမှု မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ထားတယ်လို့ ပါရှိပါတယ်။

ကိုရီးယားကျွန်းဆွယ်အရေးနဲ့ စပ်လျဉ်းပြီး တနင်္လာနေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းတို့လည်း တယ်လီဖုန်းကတဆင့် ဆွေးနွေး စကားပြောခဲ့ပါသေးတယ်။

မြောက်ကိုရီးယားရဲ့ အန္တရာယ် ကြီးထွားလာနေတာကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူပြီး အရေးယူပိတ်ဆို့မှု နောက်ဆုံး အဆင့်ကို အပြည့်အဝ အကောက်အထည်ဖော်ဖို့ ဆုံးဖြတ်ထားကြောင်း အမေရိကန်သမ္မတရုံး အိမ်ဖြူတော်က ကြေညာပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ထွက်လာပြီး နောက်ပိုင်း နာရီပိုင်း အတွင်းမှာပဲ မြောက်ကိုရီးယားရဲ့ မဟာမိတ် ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း နျူကလီးယား ဒုံးကျည် စမ်းသပ်တာတွေ ဆက်မလုပ်ဖို့ မြောက်ကိုရီးယားကို တိုက်တွန်းထားပါတယ်။မယ်