သမ္မတဇူးမားကို ဖယ်ရှားရေး ပါလီမန်ထဲ မဲခွဲမယ်

  • 7 ဩဂုတ် 2017
Image caption ငွေကြေး အရှုပ်အရှင်းတွေထဲ ပတ်သက် နေတယ်လို့ ယူဆ ခံထားရ

တောင်အာဖရိကနိုင်ငံ ပါလီမန်ထဲမှာ သမ္မတ ဂျက်ကော့ဘ် ဇူးမားအပေါ် အယုံအကြည် မရှိကြောင်း အဆိုကို ဒီကနေ့ (ဩဂုတ်လ ၈ ရက်) အင်္ဂါနေ့မှာ မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိပါတယ်။

လျှို့ဝှက် မဲပေး စနစ် ကျင့်သုံးပြီး မဲခွဲ သွားမယ်လို့ တောင်အာဖရိက ပါလီမန် ဥက္ကဌ ဘာလေကာ အမ်ဘေးတေးက ပြောပါတယ်။

အဲဒီလို လျှို့ဝှက်မဲပေး စနစ် ကျင့်သုံးရတာဟာ စိတ်ချ ယုံကြည်ဖွယ်ရာ ကောင်းတဲ့ ရလဒ်မျိုး ထွက်ပေါ် လာစေဖို့ ဖြစ်တယ်လို့လည်း မစ္စတာ အမ်ဘေးတေးက ဆိုပါတယ်။

ကိပ်တောင်းမြို့ ပါလီမန် အဆောက်အဦ အပြင်ဘက် စုဝေးနေကြတဲ့ သမ္မတဇူးမားအပေါ် မလိုလား သူတွေဟာ အခုလို ပါလီမန်ထဲ အယုံအကြည် မရှိ အဆို မဲခွဲမယ် သွားမယ် ဆိုတဲ့ ကြေညာချက်ကို ထောက်ခံ ကြိုဆို ခဲ့ကြပါတယ်။

မစ္စတာဇူးမားဟာ ငွေကြေး အရှုပ်အရှင်း ပြဿနာ တော်တော်များများထဲ ပါဝင် ပတ်သက် နေတယ်လို့ ယူဆ ခံထားရပါတယ်။

သမ္မတဇူးမားကို ဖယ်ရှား နိုင်ဖို့ ဆိုရင် ပါလီမန်ထဲက အတိုက်အခံတွေ မဲသက်သက်နဲ့ မရပဲ၊ လက်ရှိ အာဏာရ အာဖရိကန် အမျိုးသား ကွန်ဂရက်စ် ပါတီ ANC အမတ် အနည်းဆုံး အယောက် ၅ဝကပါ အယုံအကြည် မရှိကြောင်း အဆိုကို ထောက်ခံရမှာ ဖြစ်ပါတယ်။