နိုင်ငံခြားသား ၄ဝဝ ကျော်ကို အကြမ်းဖက် စိုးရိမ်မှုနဲ့ မလေးဖမ်း

  • 7 ဩဂုတ် 2017
Image caption အကြမ်းဖက် အဖွဲ့တွေနဲ့ ပတ်သက် နေသူတွေလို့ ယူဆ ရသူတွေကို ဖမ်း

မလေးရှား နိုင်ငံမှာ အကြမ်းဖက် ဝါဒ နှိမ်နှင်းရေး ဆိုပြီး အကြီးအကျယ် လုပ်ဆောင် နေတာမှာ နိုင်ငံခြားသား အယောက် ၄ဝဝ ကျော် အဖမ်းခံလိုက် ရပါတယ်။

ဖမ်းဆီး ခံခဲ့ရသူတွေကို ကြည့်ရင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံသားတွေ အများစု ဖြစ်တာ တွေ့ရပါတယ်။

နိုင်ငံကူးလက်မှတ် ပတ်စ်ပို့လိုမျိုး ခရီးသွား စာရွက်စာတမ်း မပြနိုင်သူတွေ ဒါမှမဟုတ် အတုတွေ ကိုင်ဆောင် ထားသူတွေကို အဓိက ပစ်မှတ်ထား ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ မလေးရှား အာဏာပိုင် တွေက ပြောပါတယ်။

ဒါ့အပြင် ဆီးရီးယားနဲ့ အီရတ် နိုင်ငံတွေထဲက အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက် ဆက်စပ် နေသူတွေလို့ ယူဆရသူတွေကို ဖမ်းခဲ့တာ ဖြစ်တယ်လို့လည်း မလေး အာဏာပိုင်တွေက ဆိုပါတယ်။

တိုက်ခန်းတခုထဲ ဝင်ရောက် စီးနင်းစဉ် ပတ်စ်ပို့ အတုနဲ့ မလေးရှား လူဝင်မှု ဌာနက အသုံးပြုတဲ့ စတစ်ကာပြား အတုလုပ်တဲ့ စက်တွေ တွေ့ရှိ ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို စီးနင်းခဲ့တဲ့ မလေးရှား ရဲတွေဟာ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီက ပံ့ပိုးတဲ့ ရေဒီယို သတ္တိကြွ ပစ္စည်း ရှာဖွေရေး စက်တွေ ပထမဦးဆုံး အကြိမ် တပ်ဆင် ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ရေဒီယို သတ္တိကြွ ပစ္စည်းမျိုးတွေတော့ မတွေ့ခဲ့ရဘူးလို့ အတည်ပြု ပါတယ်။