ဗြိတိန်မော်ဒယ်လိင်ကျွန်အဖြစ်ရောင်းစားဖို့ ကြံစည်ခံခဲ့ရ

  • 8 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Chloe Ayling / Instagram
Image caption ဖမ်းဆီးခံနေရတဲ့ အချိန်အတွင်း ကြောက်လန့်ဖွယ် အခြေအနေတွေ ကြုံတွေ့ခဲ့ရ

အီတလီနိုင်ငံမှာ လူဆိုး ဂိုဏ်း တခု လက်ထဲကနေ လွတ်မြောက်လာခဲ့တဲ့ ဗြိတိန် ဖက်ရှင် အလှမယ်က သူ့ကို အရှေ့အလယ်ပိုင်း တိုင်းပြည်တွေဆီ လိင်ကျေးကျွန် အဖြစ် ရောင်းစားဖို့ ကြံစည်ခံခဲ့ရတယ်လို့ သူ့ ရှေ့နေက တဆင့်ပြောပါတယ်။

အသက် ၂၀ နှစ် အရွယ် မော်ဒယ် Chloe Ayling က သူ့ကို ဖမ်းထားသူတွေ အပေါ် ဘယ်လို လှည့်စားပြီး လွတ်မြောက်အောင် ကြိုးစားခဲ့ရတဲ့ အကြောင်းတွေကိုလည်း ရှေ့နေ ဖရန်ချက်စ္စကိုပက်ချီက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့တုန်းက အီတလီ နိုင်ငံ မီလန်မြို့မှာ ဓာတ်ပုံရိုက်ဖို့ ရောက်နေတဲ့ Chloe Ayling ကို Black Death အမည်နဲ့ လူဆိုး အဖွဲ့က ဖမ်းဆီးသွားပြီး ၅ ရက် အကြာမှ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။

သူ့ကို ဖမ်းဆီးခဲ့တဲ့ သူတွေက အွန်လိုင်းမှာ Chloe Ayling ကို ပေါင် ၂၃၀,ဝ၀ဝ နဲ့ ရောင်းစားဖို့ ကြိုးစားခဲ့သလို သူ့ ကိုယ်စားလှယ်ကိုလည်း ပြန်ပေးကြေးတောင်းခဲ့တယ်လို့ အီတလီ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရှေ့နေ ပက်ချီရဲ့ ပြောဆိုချက်မှာတော့ Chloe Ayling ကို အရှေ့အလယ်ပိုင်းဒေသက လူ တယောက် ဆီကို ရောင်းဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသက် အန္တရာယ် ခြိမ်းခြောက် ခံနေရတဲ့ အတွက် သူ့ကို ဖမ်းထားတဲ့ သူနဲ့ အတူ ဈေးဝယ်ထွက်ခဲ့တယ်လို့လည်း ပြောပါတယ်။ ဖမ်းထားသူက သူ့ကို တချိန်ချိန်မှာ ပြန်လွှတ်ပေးမယ်လို့ ဆိုတဲ့ အတွက် ဖမ်းထားသူနဲ့ ဆက်ဆံရေး ပြေလည်အောင် ဟန်ဆောင် နေထိုင်တာက အကောင်းဆုံး ဖြစ်မယ်လို့ Chloe Ayling ယူဆခဲ့ကြောင်း ရှေ့နေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ပြန်ပေးဆွဲမှုမှာ သံသယ တရားခံ အဖြစ် ဖမ်းဆီးခံထားရသူ ပိုလန်နိုင်ငံသား လူကပ်စ်ဗာဗာရဲ့ ဓာတ်ပုံကို အီတလီရဲက ထုတ်ပြန်ထား

Chloe Ayling လွတ်မြောက်လာပြီးနောက်မှာ အီတလီမှာ တရားရုံး အကြို ကြားနာတာတွေ လုပ်ခဲ့ရလို့ လန်ဒန်တောင်ပိုင်း ကူလ်စဒန် အရပ်က သူ့ နေအိမ်ကိုတော့ သူခရီးထွက်သွားပြီး ၂၆ ရက် အကြာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဒီ အမှုနဲ့ ပတ်သက်ပြီး အင်္ဂလန် အနောက်အလယ်ပိုင်း အိုးလ်ဘူရီ မှာ နေထိုင်နေတဲ့ ပိုလန် နိုင်ငံသား လူကပ်စ်ဟာဗာကို ရဲက ဖမ်းဆီးထားပြီး အီတလီ၊ ပိုလန်နဲ့ ယူကေနိုင်ငံတွေမှာ ဆက်လက် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။