နျူကလီယာဗုံးကို ထိပ်ဖူးအဆင့်ထိ မြောက်ကိုရီးယား ပြုလုပ်နိုင်ပြီလား

  • 8 ဩဂုတ် 2017
Image caption တိုက်ချင်းပစ် ဒုံးကျည်တွေ ပစ်လွှတ်ပြထား။

မြောက်ကိုရီးယား အနေနဲ့ ဒုံးကျည်မှာ တပ်ဆင် ပစ်ခတ်နိုင်တဲ့ နျူကလီယာ ထိပ်ဖူး အဆင့်အထိ ပြုလုပ် အောင်မြင် ထားနှင့်ပြီး ဖြစ်တယ်လို့ အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်တွေက ယုံကြည် နေကြကြောင်း ဩဇာကြီး အမေရိကန် သတင်းစာ ဝါရှင်တန်ပို့စ်က ပြောနေပါတယ်။

ဒါ့ကြောင့် မြောက်ကိုရီးယားဟာ နျူကလီယာ လက်နက်ပိုင်ဆိုင်မှု အပြည့်အဝဆုံး အခြေအနေမှာ ရောက်ရှိနေပြီလို့ အမေရိကန် ထောက်လှမ်းတွေက ကောက်ချ ချထားတယ်လို့ လည်း ဝါရှင်တန်ပို့စ် သတင်းစာက ရေးပါတယ်။

ပြီးခဲ့တဲ့ လထဲကပဲ မြောက်ကိုရီးယားဟာ ကမ္ဘာ့တိုက်ကြီး တစ်ခုကနေ နောက်တစ်ခုကို လှမ်းပစ်နိုင်စွမ်းတဲ့ ဒုံးကျည်နှစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ်ထားပါတယ်။

သမ္မတ ထရမ့်ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီယာ ခြိမ်းခြောက်မှုကို အပြင်းထန်ဆုံး တုံ့ပြန်သွားမယ်လို့ ပြောထားပြီး၊ တုံ့ပြန်တယ် ဆိုတဲ့ နေရာမှာ စစ်ရေးနည်းလမ်းကိုလည်း ချန်လှပ်ထားမှာ မဟုတ်ဘူးလို့ သတိ ပေးထားပါတယ်။