အယုံအကြည်မရှိ အဆိုကို ပွတ်ကာသီကာ ကျော်လွှားခဲ့

  • 8 ဩဂုတ် 2017
Image caption ၂၁ မဲ အသာစီး နဲ့ သမ္မတ နေရာ အသက်ဆက်။

တောင်အာဖရိက နိုင်ငံမှာ သမ္မတ ဂျက်ကော့ဘ် ဇူးမား အပေါ် အယုံအကြည် မရှိကြောင်း အဆိုကို ပါလီမန်ထဲ မဲခွဲ ခဲ့ကြပြီး၊ သမ္မတ ဇူးမားဘက်က ရပ်တည်တဲ့ မဲ အရေ အတွက် ပွတ်ကာသီကာနဲ့ အနိုင်ရ သွားပါတယ်။

လျှို့ဝှက် မဲပေး ခဲ့ကြတာမှာ မစ္စတာ ဇူးမားက ၂၁ မဲ အသာစီး ရခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အပေါ် ဆန့်ကျင်တဲ့ မဲပေါင်း ၁၇၇ ရှိခဲ့ပြီး မစ္စတာ ဇူးမားရဲ့ အာဖရိက အမျိုးသား ကွန်ဂရက်စ် ANC ပါတီဝင် အမတ်တချို့ကိုယ်တိုင် အယုံအကြည် မရှိကြောင်း အဆိုဘက်က ရပ်တည် ခဲ့ပါတယ်။

မဲရလဒ် ထွက်ပေါ် လာအပြီး သမ္မတ ဇူးမားက သူ့အပေါ် ထောက်ခံသူတွေကို ပြောတဲ့ မိန့်ခွန်း ထဲ မှာတော့ ANC ပါတီဟာ ပြည်သူ့ပါတီ ဖြစ်တဲ့ အတွက် ဒီ အခြေအနေကို ဘယ်သူကမှ ပြောင်းလဲ ပစ်နိုင်မှာ မဟုတ်ဘူး ဆိုပြီး ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

မစ္စတာဇူးမားဟာ နာမည်ကြီး ဂု(ပ)တားစ် မိသားစုရဲ့ အမိန့် ဩဇာကို နာခံပြီး လူအများ သဘောမတူတဲ့ ကြားထဲကပဲ အစိုးရ အဖွဲ့တွင်း အပြောင်းအလဲ တွေ ပြုလုပ်ခဲ့တယ်လို့ အတိုက်အခံတွေက စွပ်စွဲ ထားတာ ဖြစ်ပါတယ်။