သမ္မတ ကင်ယတ်တားပဲ ဆက်အနိုင်ရဖို့ ရှေ့က ဦးဆောင်

  • 8 ဩဂုတ် 2017
Image caption လူတန်းရှည်ကြီးတွေ တနေ့လုံး တွေ့မြင်ခဲ့ရ

အာဖရိကတိုက် အရှေ့ပိုင်း ကင်ညာနိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲအားလုံးရဲ့ ၄ဝ % ကျော် ရေတွက် ပြီးချိန်မှာတော့ လက်ရှိ သမ္မတ အူဟူးရို ကင်ယတ်တားက ဦးဆောင်နေတာ တွေ့ရပါတယ်။

ပြိုင်ဘက် ရိုလာ အိုဒင်းကားထက် မစ္စတာ ကင်ယတ်တားက ၁ဝမှတ် အသာစီးရထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ မဲ အားလုံး ရေတွက် ပြီးစီးချိန်ထိ စိတ်အေးအေးထားပြီး အဖြေကို စောင့်ကြဖို့ တိုက်တွန်း နေပါတယ်။

ရွေးကောက်ပွဲနေ့မှာ သမ္မတ၊ ပါလီမန် အမတ်နဲ့ ဒေသန္တရ ကိုယ်စားလှယ် နေရာတွေကို ရွေးချယ်ဖို့ စောင့်နေကြတဲ့ ကင်ညာ ပြည်သူ လူတန်းရှည်ကြီး တွေကို တနေ့လုံး တွေ့မြင် နေခဲ့ရပြီး၊ ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၁ဝ နှစ်က လူတွေ ထောင်ကျော် သေဆုံးခဲ့ရတဲ့ ရွေးကောက်ပွဲနေ့ သွေးထွက်သံယို ဖြစ်ရပ်တွေ အပေါ် ပြည်သူတွေ အနေနဲ့ လတ်လတ်ဆတ်ဆတ် ခံစား နေကြရဆဲ ဖြစ်တယ်ဆိုပြီး သတင်းထောက်တွေက ပြောပါတယ်။