မြောက်ကိုရီးယား ဂူအမ်ကို တိုက်ဖို့စဉ်းစား

  • 9 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် JUNG YEON-JE
Image caption ဂူအမ်ကို တာဝေးပစ် ရော့ကတ် ဒုံးကျည်တွေနဲ့ ပစ်ဖို့ စဉ်းစားနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားဘက်က နောက်ထပ် ခြိမ်းခြောက်မှုတွေ လုပ်လာရင် အမေရိကန်ဖက်က ပြင်းထန်တဲ့ဒေါသ၊ အင်အားတွေနဲ့ တုံ့ပြန်သွားမယ်လို့ ကြေညာလိုက်ပြီးတဲ့နောက် နာရီပိုင်းပဲ အကြာမှာ မြောက်ကိုရီးယားက အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးပျံနဲ့ တိုက်ခိုက်ဖို့စဉ်းစားနေတယ်လို့ ပြောလိုက်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာ အနောက်ခြမ်းက ဂူအမ်ကျွန်းဟာ အမေရိကန် စစ်စခန်းတခု အခြေစိုက်တဲ့ နေရာဖြစ်ပါတယ်။

မစ္စတာ ထရမ့်က အမေရိကန်ရဲ့ နျူကလီးယားအင်အား ဟာ အရင်ဘယ်တုန်းကမှနဲ့ မတူအောင်အားကောင်းနေပြီ၊ ဒါပေမယ့် အဲဒီအင်အားကို ဘယ်တော့မှ မသုံးရဖို့လည်း သူမျှော်လင့်ပါတယ်လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်က တော့ မြောက်ကိုရီးယားဘက်က လောလောဆယ်တိုက်ခိုက်လာနိုင်မယ့် အလားအလာမရှိသေးပါဘူးလို့ ပြောပြီး သမ္မတထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် နားလည်နိုင်မယ့် ဘာသာစကားနဲ့ သတင်းစကား ပါးလိုက်တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး ကတော့ ဒေသခံတွေ စိုးရိမ်စရာမရှိသေးပါဘူးလို့ ပြောပါတယ်။

ရီပတ်ဘလီကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်းကတော့ ကိုယ့်ဘက်က တခုခုတုံ့ပြန်ဖို့ ပြင်ဆင်မထားဘဲ မြောက်ကိုရီးယားကို ခြိမ်းခြောက် တာတွေ မလုပ်ဖို့ သမ္မတ ထရမ့်ကို သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် စစ်သား ခြောက်ထောင်လောက် တပ်ချထား

ဂူအမ်

ဂူအမ်ဟာ ဖိလစ်ပိုင်နဲ့ ဟာဝိုင်ယီ ကျွန်းတွေကြားက စစ်ရေး အရ အရေးကြီးတဲ့ ကျွန်း ဖြစ်ပါတယ်။

အဲဒီမှာ လူ တသိန်းခွဲကျော် နေပြီး အမေရိကန် စစ်သား ခြောက်ထောင်လောက် တပ်ချထားပါတယ်။

ကျွန်းမှာ စစ်စခန်းတွေ ချထားသလို နောက်ထပ် တပ်သားတွေ ထောင်နဲ့ချီ ထပ်ပို့ဖို့လည်း စီစဉ်နေပါတယ်။

ဒုတိယကမ္ဘာစစ် အတွင်းက အမေရိကန် အတွက် အရေးကြီးတဲ့ စခန်းထောက် ဖြစ်သလို တောင်တရုတ်ပင်လယ်၊ ကိုရီးယား ကျွန်းဆွယ်နဲ့ တိုင်ဝမ် ရေလက်ကြား တွေထိ အလှမ်းမီတဲ့ နေရာမို့ ခုထိ ဗျူဟာ အရ အရေးကြီးနေဆဲ နေရာပါ။

ဒီမှာ အမေရိကန် ဗုံးကြဲ လေယာဉ်တွေ တပ်ချထားတာကို တာလတ်နဲ့ တာဝေးပစ် ရော့ကတ် ဒုံးကျည်တွေနဲ့ ပစ်ဖို့ စဉ်းစားနေတယ်လို့ မြောက်ကိုရီးယား ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ဂူအမ်မှာ အမေရိကန် ဘက်က စစ်ရေး လေ့ကျင့်နေတာကို တုံ့ပြန် ပြောဆိုလိုက်ပုံရပါတယ်။

ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး အက်ဒီ ကယ်လ်ဗိုကတော့ ကာကွယ်ရေး အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော် ကို မနက်က ဆက်သွယ်ခဲ့ပါတယ်၊ ဂူအမ်ကို ခြိမ်းခြောက်တာ တိုက်ခိုက်တာတွေ လုပ်လာရင် ဒါဟာ အမေရိကန်ကို ထိခိုက်တာပါ။ ဒီအတွက် စစ်ရေး ပူးပေါင်း လေ့ကျင့်မှု အစည်းအဝေး ခေါ်ပြီး အသင့်ပြင်ထားဖို့ ဆွေးနွေးကြမှာပါ လို့ ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် KIM WON-JIN
Image caption မြောက်ကိုရီးယားမှာ အမေရိကန်ကို ဆန့်ကျင် ဆန္ဒပြ

လူတွေကြား ဂယက်ရိုက်

ဒီခြိမ်းခြောက်မှု ကြောင့် တောင်ကိုရီးယားက ဆိုးလ်မြို့တော်မှာ လူတွေကြား ဂယက်ရိုက်သွားပါတယ်။

တချို့ကလည်း မြောက်ကိုရီးယားက သူတို့ အစိုးရ တည်မြဲရေး နဲ့ အဏုမြူ စီမံကိန်းအတွက် အကြောင်းပြ ကောင်းအောင် ကြွားဝါ ခြိမ်းခြောက်နေတာ လို့ ယူဆပါတယ်။

မြောက်ဘက်က ခြိမ်းခြောက်လာတာတွေဟာ ဒီလို သြဂုတ်လတွေထဲမှာ ပိုပြီး ပြင်းထန်လာတတ်တယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ် ။

ဒီလို ကာလတွေမှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်ကြလေ့ ရှိပါတယ်။

ဒါပေမဲ့ ဒီတခါ တင်းမာမှုကတော့ ခါတိုင်းထက် ပိုဆိုးပါတယ်။

စနေနေ့က ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ထပ်ချပြီးနောက် မြောက်ကိုရီးယား ဘက်က ဒေါသတကြီး တုံ့ပြန်လာခဲ့ပါတယ်။

ဒီအတွက် အမေရိကန်က တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ သူတို့ဘက်က ဆိုတာပါ။

မြောက်ကိုရီးယားမှာ ဒုံးကျည်နဲ့ ပစ်လွှတ်နိုင်တဲ့ အဏုမြူ ထိပ်ဖူးတွေ ထုတ်နေနိုင်ပြီလို့ မနေ့ကပဲ အမေရိကန် သတင်းမီဒီယာတွေမှာ ပါလာပါတယ်။

သေချာ မပြောနိုင်သေးပေမယ့် ဒါသာ တကယ် ဖြစ်ပြီ ဆိုရင် အဏုမြူ လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ နိုင်ငံအဆင့် ရောက်ဖို့ မြောက်ကိုရီးယား အလှမ်းမဝေးတော့ဘူး ဆိုရမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ