အမေရိကန်က မြောက်ကိုရီးယားကို သတိပေး

  • 10 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်ပိုင် ဂူအမ်ကျွန်း

မြောက်ကိုရီးယား အစိုးရဆုံးခန်းတိုင်ပြီး သူ့လူမျိုးတွေ ပျက်သုန်းစေနိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis ကမြောက်ကိုရီးယားကို သတိပေးလိုက်ပါတယ်။ အမေရိကန်နဲ့ သူ့မဟာတွေနဲ့စစ်ဖြစ်ရင် မြောက်ကိုရီးယားက ဘယ်နည်းနဲ့မှ အင်အားချင်းယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ကာကွယ်ရေး ဝန်ကြီးကပြောပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ မြောက်ကိုရီးယား အစိုးရအနေနဲ့ သူ့ရဲ့နျူကလီယား လက်နက်အစီအစဉ်တွေကို စွန့်လွှတ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

နယူးဂျာစီမှာ အနားယူနေတဲ့ သမ္မတထရမ့်ကလည်း သူ့ရဲ့နံနက်ခင်း တွိထဲမှာ အမေရိကန် နျူးကလီးယား လက်နက်တွေကလည်း ဘယ်တုန်းကနဲ့မှ မတူအောင်အင်အား ကောင်းနေပြီး ဒီအင်အားကို ဘယ်တော့မှ သုံးရလိမ့်မယ်လို့မထင်ကြောင်း ဖေါ်ပြထားပါတယ်။ တဖက်နဲ့တဖက် စကားစစ်ထိုးတာတွေ အရှိန်မြင့်လာချိန်မှာ အခုသမ္မတရဲ့ရေးသားချက်ပေါ်လာတာပါ။

ဗုဒ္ဓဟူးနေကတော့ မြောက်ကိုရီးယား အစိုးရသတင်းဌာနကေစီအင်စီက သူတို့အနေနဲ့ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းကို တိုက်ဖို့ အသေအချာ လေ့လာနေတယ်လို့ပြောခဲ့ပါတယ်။

ဒီလိုခြိမ်းခြောက်တာကို သမ္မတထရမ့်ကလည်း ဒေါသမီးလျှံနဲ့တုံ့ပြန်ခံရမယ်လို့ ရုပ်မြင်သံကြားကနေ သတိပေးလိုက်ပါတယ်။ အဲဒီပြောကြားချက်က သူ့ရဲ့ အကြံပေးတွေအပေါ် ဘယ်လိုရိုက်ခတ်သွားတယ်ဆိုတာ အခန်းထဲက ရုပ်မြင်သံကြားရဲ့ ရိုက်ချက်ကပြောပြနေသလို ဖြစ်နေတယ်လို့ ဘီဘီစီမြောက်အမေရိက သတင်းထောက် အန်ထိုနီ ဇာချာကပြောပါတယ်။

ဒါဟာ သမ္မတရဲ့ အကြံအစည်းလား ဒါမှမဟုတ် လက်တန်းပြောလိုက်လို့ လိုက်ဖြေရှင်း ရမယ့်သဘောလား ဆိုတာသိဖို့လိုပါတယ်။ မိုင်ပေါင်းများစွာ အကွာအဝေးကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကတော့ တကယ်လို့ အမေရိကန်ကိုတိုက်လာရင် ကာကွယ်မယ်လို့ မြောက်ကိုရီးယား နားလည်မယ့် စကားနဲ့ သမ္မတကပြောလိုက်တာ ဖြစ်တယ်လို့ ပြေပြစ်အောင် ပြန်အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ အမှန်ကတော့ သမ္မတပြောချင်တာက တကယ်လို့ ကင်ဂျွန်အင်ဘက်က ဆက်ပြီး ခြိမ်းခြောက် လာရင် အဲဒီ အပြောတွေကို လက်တွေ့နဲ့တုံ့ပြန်တာ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်တာပါ။

ကိုရီးယား ကျွန်းဆွယ်မှာအခုလို စကားစစ်ထိုးတဲ့ အရှိန်ပိုမြင့်လာတာဟာ အလွန်ကြောက်စရာ ကောင်းကြောင်း၊ စစ်ရေးနည်းကိုရွေးရင် နျူကလီးယား ကင်းစင်တဲ့ အရှေ့တောင်အာရှအတွက် အဖြေမဟုတ်သလို မြောက်ကိုရီးယားတို့ရဲ့ ရန်စမှုကို လည်းဖြေရှင်းရာ ရောက်မှာမဟုတ်လို့ နှစ်ဘက်စလုံး ထိန်းထိန်းသမ်းသိမ်းလုပ်ကြဖို့ ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးဌာနကတောင်းဆိုသွားပါတယ်