ကင်ညာရွေးကောက်ပွဲရလဒ် အငြင်းပွားမှုတွေရှိနေ

  • 10 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆုံးရလဒ်ကိုတော့ မဲရုံတွေက စာရွက်နဲ့ ပေးတဲ့ မဲတွေကို ရေတွက်အပြီး သောကြာနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်မယ်

ကင်ညာအတိုက်အခံတွေက သူတို့ရဲ့ ခေါင်းဆောင် ရိုင်လာ အိုဒင်ဂါကသာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရွေးကောက်ပွဲ နိုင်သူဖြစ်ကြောင်း ကြေညာပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အတွင်းက အမည်မဖော်တဲ့ သတင်းရင်းမြစ်အရ တကယ်တမ်း ကော်မရှင်က နိုင်တယ်လို့ ကြေညာထားတဲ့ လက်ရှိ သမ္မတ မစ္စတာ အူဟူရူ ကင်ညားတား ထက် မစ္စတာ အိုဒင်ဂါက မဲပိုရထားတယ်လို့ မစ္စတာ အိုဒင်ဂါကို ထောက်ခံသူများအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ထွက်ပေါ်ခဲ့တဲ့ ကနဦး အီလက်ထရွန်းနစ်နည်းနဲ့ မဲပေးမှု ရွေးကောက်ပွဲ ရလဒ်အရ ကင်ညာ ဂျူဗလီပါတီက လက်ရှိသမ္မတ အူဟူရူ ကန်ညားတားက လိမ္မော်ရောင် ဒီမိုကရေစီရေး လှုပ်ရှားမှုပါတီက မစ္စတာ အိုဒင်ဂါထက် သိသိသာသာ မဲပိုရထားတာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်ကိုတော့ မဲရုံတွေက စာရွက်နဲ့ ပေးတဲ့ မဲတွေကို ရေတွက်အပြီး သောကြာနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ကင်ညာ ရွေးကောက်ပွဲကွန်ပြူတာစနစ်ကို နှောက်ယှက် တိုက်ခိုက်မှု ဖြစ်ခဲ့တာကိုတော့ ကင်ညာရွေးကောက်ပွဲ ကော်မရှင်က ဝန်ခံထားပြီး တကယ်တမ်း မထိခိုက်ခဲ့ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အတိုက်အခံတွေပြောသလို ရွေးကောက်ပွဲ ကနဦးရလဒ်ကို အခုလို ကွန်ပြူတာစနစ် နှောင့်ယှက်သူ ဟက်ကာတွေက ပြောင်းလိုက်တယ်ဆိုတာကတော့ မဟုတ်မှန်ဘူးလို့ ကော်မရှင်က ပြောပါတယ်။

ဒီရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့တဲ့ အာဖရိကနိုင်ငံတွေက ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံတကာက ကိုယ်စားလှယ်တွေကတော့ မဲကောက်ခံမှု ပွင့်လင်းမြင်သာပြီး စိတ်ချရပါတယ်လို့ ပြောဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption လက်ရှိသမ္မတ မစ္စတာ ကင်ညားတားနဲ့ မစ္စတာ အိုဒင်ဂါ ၂၀၁၃ မဲဆွယ်စဉ်က

အခုလို ကင်ညာရွေးကောက်ပွဲရလဒ်ကို စိတ်ချရကြောင်း ထောက်ခံပြောကြားပေးသူတွေထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီလည်း ပါဝင်ပြီး ဥရောပသမဂ္ဂကလည်း ကင်ညာအတိုက်အခံတွေ အနေနဲ့ ရလဒ်ကို သဘာဝအတိုင်း လက်ခံပေးဖို့ တိုက်တွန်းထားပါတယ်။

မဲအရေအတွက် ၉၅%ကျော် ရေတွက်အပြီး ထွက်ပေါ်လာတဲ့ ကနဦး ရလဒ်အရ လက်ရှိ သမ္မတ အူဟူရူ ကင်ညားတားက ၅၄.၃ ရာခိုင်နှုန်း မဲနိုင်ထားပြီး မစ္စတာ အိုဒင်ဂါက တော့ ၄၄.၈ ရာခိုင်နှုန်း နိုင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ အိုဒင်ဂါဟာ ၂၀၁၃ ရွေးကောက်ပွဲမှာလည်း မစ္စတာ ကင်ညားတားကို ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ကစပြီး ကင်ညာအထွေထွေ ရွေးကောက်ပွဲမှာ မဲပေးသူတွေ အနေနဲ့ သမ္မတ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ အထက်လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသမီးကိုယ်စားလှယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်လွှတ်တော် အမတ်တွေ အတွက် မဲ ၆ မျိုး ပေးတဲ့ စနစ်ကို ကျင့်သုံးနေတာ ဖြစ်ပြီး ကိုယ်စားလှယ်တဦးအနေနဲ့ ပထမအကျော့မှာ အနိုင်ရဖို့အတွက် မဲ ၅၀% ကျော် အနိုင်ရဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ