ဥရောပဒေသ ပိုးသတ်ဆေးသင့် ကြက်ဥ ပြဿနာ ဆက်ပြန့်ပွားလာနေ

  • 11 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption Fipronil ပိုးသတ်ဆေးကို ကြက်ဥပြုတ်တွေမှာ တွေ့တယ်လို့ ဒိန်းမတ်အာဏာပိုင်တွေပြော

ဥရောပဒေသမှာ ကြက်ဥတွေ ပိုးသတ်ဆေး သင့်တဲ့ ပြဿနာ အရှုပ်တော်ပုံကြီး ဆက် ကြီးထွား ပြန့်ပွားလာနေပါတယ်။

တိရိစ္ဆာန်တွေရဲ့ သန်းတွေသတ်ရာမှာ အသုံးပြုလေ့ ရှိတဲ့ Fipronil လို့ခေါ်တဲ့ ပိုးသတ်ဆေးတမျိုးကို ကြက်ဥပြုတ်တွေမှာ တွေ့ရတယ်လို့ အာဏာပိုင်တွေက ထုတ်ဖော်ပြောထားတဲ့ ဒိန်းမတ်နိုင်ငံမှာ ပိုးသတ်ဆေးသင့် ကြက်ဥ တန်၂၀လောက် ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အရှေ့ ဥရောပ နိုင်ငံ နှစ်နိုင်ငံ ဖြစ်တဲ့ ရိုမေးနီးယားနဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေမှာလည်း ပိုးသတ်ဆေးသင့်နေတဲ့ ကြက်ဥ ပို့ကုန်တွေ ရောက်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

Fipronil ပိုးသတ်ဆေးကို စားသောက်ကုန် လုပ်ငန်းတွေမှာ အသုံးမပြုဖို့ ဥရောပ သမဂ္ဂက ပိတ်ပင်တားမြစ်ထားတာပါ။

အဲဒီကြက်ဥတွေဟာ နယ်သာလန်နိုင်ငံကနေ အဓိက လာတာ ဖြစ်ပြီး တချို့ကတော့ ဘယ်လ်ဂျီယမ်နဲ့ ဂျာမနီနိုင်ငံတွေကနေ လာတာဖြစ်ပါတယ်။

မနေ့တုန်းက နယ်သာလန်နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံတွေမှာ ရှိတဲ့ ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးသူတွေက ဝင်ရောက်ရှာဖွေခဲ့ပြီး လူနှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။