မြောက်ကိုရီးယားကို သမ္မတထရမ့်ထပ်သတိပေး

  • 11 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်

မြောက်ကိုရီးယားက သူ့လုပ်ရပ်တွေ မပြင်ရင် ဘယ်နိုင်ငံတွေမှ မကြုံရသေးတဲ့ ဒုက္ခမျိုးနဲ့ ရင်ဆိုင်ရသွားနိုင်တယ်လို့ သမ္မထရမ့် ကပြောလိုက်ပါတယ်။ ဂူအမ်ကျွန်းအနီး တာဝေးပစ် ဒုံးကျည် ၄ခုပစ်လွှတ်မယ်လို့ မြောက်ကိုရီးယားကပြောပြီး သမ္မတက တုံ့ပြန်လိုက်တာပါ။

နယူးဂျာစီ ရောက်စဉ်သူ့ ပြောကြားချက်ထဲမှာ အမေရိကန်တို့ဘက်က စေ့စပ်ညှိနှိုင်းရေးကိုလည်း အမြဲစဉ်းစားမယ်လို့ ကမ်းလှမ်းမှု လည်းပါဝင်ပါတယ်။ ပြီးတော့ မြောက်ကိုရီးယားအပေါ်အရင် အမေရိကန်အစိုးရ ကိုင်တွယ်တာတွေ အလွန်ပျော့ညံ့ပြီး အခုအခါ နိုင်ငံငယ်က အာဏာရှင်တယောက် နျူးကလီးယား လက်နက် ရယူနိုင်တာဟာ ကြေကွဲစရာ ဖြစ်ရပ်လို့ပြောပါတယ်။

မြောက်ကိုရီးယား ကျွန်းဆွယ် ပြဿနာမှာ တရုတ်ဘက်ကလည်း ဒိထက်မကပါဝင် ဆောင်ရွက် သင့်တယ်လို့ သမ္မတ ထရမ့်ကပြောပါတယ်။ မြောက်ကိုရီးယားကို လက်ဦးမှုယူပြီး တိုက်မယ့် အလားအလာ ရှိသလားလို့ သတင်းထောက် တွေကမေးတဲ့အခါမှာတော့ ဒီကိစ္စကို ကျနော်ဘယ်တုန်းကမှ မပြောဘူးလို့ဆိုပါတယ်။

မြောက်ကိုရီးယားက ကျနော်တို့ချစ်တဲ့သူ တယောက်ယောက်ကိုဖြစ်စေ မဟာမိတ်ကိုဖြစ်စေ ကျနော်တို့ကိုဖြစ်စေတိုက်ဖို့ စဉ်းစားမယ်ဆိုရင်တော့ သူတို့ဘက်က အလွန့်အလွန် တုန်လှုပ်ခြောက်ခြား စရာနဲ့ကြုံရမယ်။သူတို့မထင်မှတ် ထားတာမျိုး ဖြစ်လာလိမ့်မယ်လို့ သမ္မတကပြောပါတယ်။

တောင်ကိုရီးယား ဘက်ကတော့ ကျွန်းဆွယ်မှာ တောက်လောင်စေမယ့် ပဋိပက္ခတွေကို ရပ်ဖို့မြောက်ကိုရီးယားကို တိုက်တွန်း က်ပါတယ်။ အခုအခါ ပစ္စဖိတ် သမုဒ္ဒရာအတွင်းက ဂူအမ်ကျွန်းကို ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ် ဆိုပေမယ့် ကီလိုမီတာ ၅၀သာ ကွာဝေးတဲ့ မြောက်ကိုရီးယား နယ်စပ်က အမြောက်ကြီးတွေကလည်း တောင်ကိုရီးယားကို နှစ်ပေါင်း များစွာကတည်းက ချိန်ထားတာဖြစ်တယ်လို့ ဆိုးလ်က ဘီဘီစီ သတင်းထောက် ရောဘင်ဘရန့်က သတင်းပေးပို့ထားပါတယ်။