ရှားလော့စ်ဗေးလ်မွာ အကြမ်းဖက်ဖြစ်ရပ်တွေ ပေါ်ပေါက်လာ

  • 12 ဩဂုတ် 2017
Image caption လူအုပ်ထဲ ကားတစ်စင်း အရှိန်နဲ့ တိုးဝင်

အမေရိကန် ပြည်ထောင်စု၊ ဗာဂျီးနီးယား ပြည်နယ်မှာ လူဖြူ ကြီးစိုးရေး လက်ျာ အစွန်းရောက် တွေကို ဆန့်ကျင်နေတဲ့ လူအုပ်ထဲ ကားတစ်စင်း အရှိန်နဲ့ တိုးဝင် ပြီး လူတွေကို ဝင်တိုက်ခဲ့လို့ လူ တစ်ယောက် သေဆုံး ခဲ့ရပြီး ၁၉ ယောက် ဒဏ်ရာ ရသွားပါတယ်။

ရှားလော့စ်ဗေးလ် ဆိုတဲ့ မြို့မှာ လက်ျာစွန်းရောက်တွေ ရာချီ စုဝေးပြီး ဆန္ဒပြပွဲ ပြုလုပ်ဖို့ စီစဉ် ထားခဲ့သလို၊ အဲဒီ လက်ျာစွန်းတွေကို ဆန့်ကျင်တဲ့ တန်ပြန် ဆန္ဒပြသူတွေလည်း ရှိနေခဲ့တာပါ။

အခုဆိုရင် ချီတက် ဆန္ဒပြပွဲတွေကို ဒေသခံ အာဏာပိုင်တွေက ပိတ်ပင်လိုက်ပြီး အရေးပေါ် အခြေအနေ ကြေညာထားတယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

လူမှုကွန်ရက်တွေပေါ် ရောက်လာတဲ့ ဗီဒီယိုထဲ လမ်း ဘေး ဝဲယာမှာ လူတွေ အုပ်လိုက် ဖြစ်နေလို့ ခပ်ဖြေးဖြေးပဲ ရွေ့နေတဲ့ ကားတွေ ရှိရာဆီကို ကားတစ်စင်း အရှိန်နဲ့ ဝင်တိုက် ခဲ့တာ ဖြစ်ပါတယ်။

လဲကျသွားတဲ့ မိန်းကလေးငယ် တစ်ယောက်ဆို အဲဒီကားက တခါ နောက်ပြန်ဆုတ်ပြီး တိုက်ခဲ့ပြန်တယ်လို့ မျက်မြင် တွေ့ခဲ့သူ တစ်ယောက်က ပြောပါတယ်။

အမေရိကန် သမ္မတ ထရမ့်ကလည်း ရှားလော့စ်ဗေးလ် ဖြစ်ရပ် အပေါ် အပြင်းအထန် ရှုတ်ချ ခဲ့ပါတယ်။

အခုလိုမျိုး အမုန်းတရားနဲ့ အမြင်ကျဉ်းမြောင်းမှုမျိုးကို အကြမ်းဖက် တဲ့ အသွင်အထိ ပြုမူလာတာ တွေ ဘက်ပေါင်းစုံမှာ ရှိနေတယ်လို့ သမ္မတ ထရမ့်က ဆိုပါတယ်။

အမေရိကန်မှာ ဒီလို အပြုအမူတွေ အတွက် လုံးဝ နေရာ မရှိ ဘူးလို့လည်း ထရမ့်က ပြောခဲ့ပါတယ်။

ရှားလော့စ်ဗေးလ်မှာ အခင်း မဖြစ်ခင် ကတည်းက အခြေအနေဟာ အတော်လေး ရှုပ်ထွေး နေခဲ့ပါတယ်။

အမေရိကန် ပြည်တွင်း စစ်တုန်းက တောင်ပိုင်း ကွန်ဖယ်ဒရိတ် ပြည်နယ်တွေဘက်က စစ်ဗိုလ်ချုပ် Robert E Lee ရဲ့ ရုပ်တုကို ဖယ်ရှားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ပြသဖို့ လူဖြူ လက်ျာစွန်း သမားတွေ စုဝေး ခဲ့ကြ သလို၊ သူတို့ကို ကန့်ကွက်သူတွေ လည်း ရှိနေခဲ့ပြီး နှစ်ဘက် အပြန်အလှန် ကိုယ်ထိလက်ရောက် ထိပ်တိုက် တွေ့မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီလို ခိုက်ရန် ဖြစ်နေကြတာတွေကို ရဲက မျက်ရည်ယိုဗုံး သုံးပြီး လူစု ခွဲခဲ့ရ၊ လူတချို့ကို ထိန်းသိမ်းခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ခုလို ကားနဲ့ ဝင်တိုက်တဲ့ ဖြစ်ရပ် ပေါ်ပေါက်လာပါတယ်။

ကားမောင်းသူကို ရဲက ဖမ်းဆီးထားတယ်လို့ နားလည်ရပေမယ့်၊ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဘယ်လို အကြောင်းကို အခြေခံ တိုက်ခိုက်တာ ဖြစ်တယ်ဆိုတဲ့ အချက်တွေကတော့ ထွက်ပေါ် မလာသေးဘူးလို့ အဲဒီမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် Joel Gunter က သတင်း ပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ