နျူကလီးယားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တောင်ကိုရီးယားပြော

  • 14 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒဏ်ခတ်ပိတ်ဆို့မှု နည်း မအောင်မြင်မှသာ စစ်ရေးနဲ့ ဖြေရှင်းမယ်လို့ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး Joseph Dunford က ပြော

ဆက်လက် ဖြစ်ပွားနေဆဲ နျူကလီးယား အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ဖို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင် က တိုက်တွန်းလိုက်ပြီး အမေရိကန် သမ္မတ Donald Trump အနေနဲ့ တည်တည်ငြိမ်ငြိမ် တာဝန်ရှိရှိ လုပ်ဆောင်မယ်လို့ သူယုံကြည် စိတ်ချထားကြောင်း ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နောက်ထပ် စစ်ပွဲကြီး ထပ်မဖြစ်သင့်ဘူးလို့ သူက အခိုင်အမာ ပြောပါတယ်။

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ထောက်ခံရေးဟာ အမေရိကန် အစိုးရရဲ့ ဦးစားပေး ကိစ္စရပ် ဖြစ်ကြောင်း၊ ဒါပေမယ့် ဒီဒဏ်ခတ် ပိတ်ဆို့မှုနည်း မအောင်မြင်မှသာ စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ ပြင်ဆင်မှာ ဖြစ်ကြောင်း ဆိုးလ်မြို့မှာ ရောက်ရှိနေတဲ့ အမေရိကန် ထိပ်တန်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး Joseph Dunford က တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယားနိုင်ငံကို ကျောက်မီးသွေး၊ တွင်းထွက်ပစ္စည်းနဲ့ ပင်လယ်စာတွေ တင်ပို့မှုကို ပိတ်ပင်ထားဖို့ ကုလသမဂ္ဂက အခုလ အစောပိုင်းက အတည်ပြုခဲ့ပြီး ဒီပိတ်ဆို့ ဒဏ်ခတ်မှုကို အကောင်အထည်ဖေါ်ဖို့ တရုတ်က စိုင်းပြင်းနေပါတယ်။