ဆီရာယာလီယွန်းမှာ မြေပြိုလို့ လူ ရာနဲ့ချီ သေဆုံး

  • 14 ဩဂုတ် 2017
Image caption လူပေါင်း ၃ ထောင်လောက် အိုးအိမ်တွေ ဆုံးရှုံး

အာဖရိကတိုက် အနောက်ဘက်ခြမ်း နိုင်ငံဖြစ်တဲ့ ဆီရာယာလီယွန်းရဲ့ မြို့တော် ဖရီးတောင်းမှာ မိုးကြီးတဲ့ ဒဏ်ကြောင့် မြေပြိုမှု ဖြစ်ခဲ့ပြီး သိထားရသမျှ သေဆုံး စာရင်းထဲ အယောက် ၃ဝဝ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

အပျက်အစီးပုံတွေကြား ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင် နေကြပြီး သေဆုံးသူ အရေအတွက် မြင့်တက်လာဖွယ်ရာ ရှိပါတယ်။

လူပေါင်း ၃ ထောင်လောက် အိုးအိမ်တွေ ဆုံးရှုံး ခဲ့ရတယ်လို့ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

တောင်နံရံတွေ ပြိုတဲ့ဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရတဲ့ နေရာကတော့ ဖရီးတောင်းမြို့တော် ဆင်ခြေဖုံးမှာ ရှိတဲ့ ရီးဂျင့်ဆိုတဲ့ အရပ်ဖြစ်ပါတယ်။

အခင်းဖြစ်ရာ အရပ်တွေမှာ လူတွေဟာ ဆောက်တည်ရာ မရ အော်ဟစ် ငိုယို နေကြပြီး မိသားစုဝင်တွေ အစုလိုက် အပြုံလိုက် ပျောက်ဆုံး နေသူတွေကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လူတစ်သန်းကျော် နေထိုင်တဲ့ ပင်လယ်ကမ်းရိုးတန်းမြို့ဖရီတောင်းနဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ မိုးသည်းထန်လေ့ ရှိပြီး ပြီးခဲ့တဲ့ ၂ဝ၁၅ တုန်းကလည်း ရေကြီးမှုကြောင့် လူ ၁ဝ ယောက် သေဆုံး ခဲ့ပါတယ်။