အသားရောင် ခွဲခြားမှုဟာ မိစ္ဆာတရားလို့ ထရမ့်ပြော

  • 14 ဩဂုတ် 2017
Image caption အသားရောင် ခွဲခြားမှု ဝါဒဟာ မိစ္ဆာတရား

အမေရိကန် ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ ရှားလော့စ်ဗေးလ်မြို့မှာ လူဖြူကြီးစိုးရေး ဝါဒီ လက်ျာစွန်းသမားလို့ ယူဆရသူ တစ်ဦးက လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ အတွက် လူသေဆုံးတဲ့ အထိ ဖြစ်ခဲ့ပြီး နှစ်ရက် အကြာမှာတော့ သမ္မတ ထရမ့်က လက်ျာစွန်းရောက် အုပ်စုတွေကို အတိတကျ ရည်ညွှန်းပြီး ပြစ်တင် ရှုတ်ချတဲ့ စကား ပြောလာပါတယ်။

အသားရောင် ခွဲခြားမှု ဝါဒဟာ မိစ္ဆာတရား ဖြစ်တယ်။ အကြမ်းဖက်မှု ကျူးလွန်တဲ့ ကေသုံးလုံးဂိုဏ်းနဲ့ တခြား နာဇီ လက်သစ် အုပ်စုတွေဟာ ရာဇဝတ်ကောင်တွေ၊ လူရမ်းကားတွေ ဖြစ်တယ်။ အမေရိကန်တွေ ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ ဆိုပြီးတော့ သမ္မတ ထရမ့်က ပြောခဲ့တာပါ။

ရှားလော့စ်ဗေးလ် ဖြစ်ရပ် အပေါ် ထရမ့် ကနဦး ပြောခဲ့တဲ့ အထဲ အမြင်ကျဉ်းမြောင်းမှုဟာ မတူတဲ့ အုပ်စုတိုင်းမှာ ရှိနေကြတယ်လို့ ဆိုခဲ့ပါတယ်။

ဒီစကားဟာ လက်ျာစွန်းတွေကို တိတိကျကျ မရည်ညွှန်းဘူး ဆိုပြီး ဝေဖန်သံတွေ ဆူဆူညံညံ ထွက်ပေါ် လာတဲ့ နောက် ထရမ့်ဘက်က အခုလို လူဖြူကြီးစိုးရေး ဝါဒီတွေကို ပြတ်ပြတ်သားသား ရှုတ်ချ ပြောဆို လာတာ ဖြစ်ပါတယ်။

တခါ၊ အမေရိကန် ကုမ္ပဏီတွေရဲ့ intellectual property လို့ ခေါ်တဲ့ ဉာဏပိုင်း ပိုင်ဆိုင်မှုတွေရဲ့ မူပိုင်ခွင့်တွေ ခိုးယူခံ နေရမှုမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှု ဘယ်လောက် ရှိလဲဆိုတာ စမ်းစစ် ရမယ်ဆိုပြီး သမ္မတထရမ့်က ကုန်သွယ်ရေး မူဝါဒ ဆိုင်ရာ တာဝန်ခံ ရောဘတ် လိုက်ဟိုက်ဇာကို အမိန့်ပေး လိုက်ပါတယ်။

ဒါဟာ ထရမ့်လက်ထက် ပထမဆုံး အကြိမ် ဘေဂျင်း အစိုးရကို ပစ်မှတ်ထားပြီး ကုန်သွယ်မှုနဲ့ ဆိုင်တဲ့ အမိန့်တစ်ရပ် အိမ်ဖြူတော်က ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး အဖုအထစ် ရှိနေချိန်မှာ အမေရိကန်ရဲ့ အခု ခြေလှမ်းကြောင့် ကုန်သွယ်ရေး စစ်ပွဲ အသွင်အထိ ဖြစ်လာနိုင်တယ် ဆိုပြီး တရုတ်ဘက်က သတိပေး နေပါတယ်။