ဂူအမ်ကျွန်းကို တိုက်ခိုက်မယ့် အစီအစဉ် ကင်ဂျုံအွန်း သုံးသပ်ပြီးပြီဆို

  • 15 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဇူလိုင်လတုန်းက ပြုလုပ်ခဲ့တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု အောင်မြင်အပြီး သူ့ရဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အတူ အောင်ပွဲခံနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း

အမေရိကန်နိုင်ငံပိုင် ပစိဖိတ် သမုဒ္ဒရာထဲက ဂူအမ်ကျွန်းကို ဦးတည်ပြီး မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်လွှတ်မယ့် အစီအစဉ် အပေါ် ခေါင်းဆောင် ကင်ဂျုံအွန်းက လေ့လာသုံးသပ်ပြီးပြီလို့ မြောက်ကိုရီးယား အစိုးရ မီဒီယာ ကေစီအန်အေက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက် တခုခု မချင်ခင်မှာ အမေရိကန်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာရဦးမယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။

ဂူအမ်ကျွန်းကို တိုက်ခိုက်မယ့် အစီအစဉ်ဟာ အားလုံး ပြင်ဆင်ပြီး ဖြစ်ပေမယ့် ရူးကြောင်ကြောင် ယန်းကီး (အမေရိကန်) တွေ ဘာလုပ်မယ်ဆိုတာကိုတော့ အရင် စောင့်ကြည့်ရဦးမယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ မြောက်ကိုရီးယားဟာ အမေရိကန် အပေါ် အာခံတဲ့ လေသံတွေ အရှိန်အဟုန်မြင့် ပြောဆိုခဲ့ပါတယ်။

ဒီလို စောင့်ကြည့်ဦးမယ် ဆိုတဲ့ သဘောက အခုရက်ပိုင်း အရှိန်အဟုန်မြင့်မြင့်နဲ့ နှစ်ဘက် စကားစစ်ထိုးနေကြတဲ့ အနေအထားကို အရှိန်လျှော့ချလိုတာလို့ လေ့လာသူတွေက ယူဆကြပါတယ်။

ဒါဟာ မြောက်ကိုရီးယားအနေနဲ့ ကိုရီးယားကျွန်းဆွယ်က အန္တရာယ်ကြီးလှတဲ့ စစ်ရေး တင်းမာနေမှု အခြေအနေကို ဖြေလျာ့နိုင်ဖို့ ကြံဆောင်မှုလို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ရိုဂီတာလမားရ်က ပြောပါတယ်။

ပြုံယမ်းအစိုးရဟာ ရက်ပေါင်းများစွာ ဒုံးကျည်တွေနဲ့ ပစ်လွှတ်မယ်လို့ ခြိမ်းခြောက်လာခဲ့ပြီးနောက်မှာ ဒီလို ရန်လိုနေမှုကို ခတ္တခဏ ရပ်တန့်ထားလိုဟန်ရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ အင်မတန် လျှို့ဝှက်ပြီး ခန့်မှန်းဖို့ ခက်ခဲလို့ ဘယ်အရာကိုမှ တထစ်ချ ယူဆထားလို့တော့ မရဘူးလို့လည်း ရိုဂီတာက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အခု နောက်ဆုံး ထုတ်ပြန်ချက်က သူတို့အနေနဲ့ ဂူအမ်ကို တိုက်ခိုက်ဖို့ အဆင်သင့် မဖြစ်ဘူးဆိုတဲ့ သဘော ဖြစ်ကောင်း ဖြစ်နိ်ုင်ပြီး ပြင်ဆင်ဖို့ အတွက် အချိန်ပိုလိုလို့ ဒီလို ပြောဆိုတာမျိုး ဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယားအရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်က မြောက်ကိုရီးယားအနေနဲ့ ဂူအမ်ကျွန်းကို ဒုံးကျည် တစင်း ပစ်လွှတ်လိုက်တာနဲ့ ဒါဟာ စစ်ပွဲကြီး တခုကို အစပြုတာပဲလို့ သတိပေးပြောဆိုအပြီးမှာ မြောက်ကိုရီးယားက အခုလို သဘောထား ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန် အနေနဲ့ ဘယ်လို တိုက်ခိုက်မှု မျိုးကို မဆို အချိန်မရွေး၊ နေရာမရွေး တုံ့ပြန်သွားမယ်လို့ မစ္စတာ မက်တစ်က ပြောခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် စစ်စခန်းတွေ အခြေစိုက်ထားတဲ့ ဂူအမ်ကျွန်းရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံထားပြီး ဒုံးကျည် ၁ စင်း စင်း ပစ်လွှတ်လာခဲ့ရင်လည်း အမေရိကန် အနေနဲ့ ကြားဖြတ် ဖျက်ဆီးသွားမယ်လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ တဦးတည်းသော မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ အခြေအနေတွေ အေးဆေးတည်ငြိမ်ဖို့ တောင်းဆိုထားပြီး သံတမန်ရေးအရ ဖြေရှင်းဖို့ ထပ်မံတိုက်တွန်းထားပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းကလည်း အမေရိကန်အနေနဲ့ ကိုရီးယားကျွန်းဆွယ်အရေးကို တနိုင်ငံတည်း သဘောထားနဲ့ အရေးယူ ဆောင်ရွက်တာမျိုး မလုပ်ဖို့နဲ့ စစ်ရေးနည်း အသုံးပြုခဲ့ရင် တောင်ကိုရီးယားရဲ့ သဘောတူခွင့်ပြုချက် အရင်ယူဖို့ အရေးကြီးကြောင်း တနင်္လာနေ့တုန်းက ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂူအမ်ကျွန်းမှာ အမေရိကန် လေတပ်အခြေစိုက်စခန်း အင်ဒါဆန် တည်ရှိပါတယ်။

၂၀၉ မိုင် ပတ်လည် အကျယ် ရှိပြီး လူဦးရေ ၁၆၀,ဝ၀ဝ လောက် နေထိုင်နေတဲ့ မီတောင်နဲ့ သန္တာကျောက်တန်းတွေ ရှိရာ ဂူအမ်ကျွန်းဟာ အမေရိကန် အတွက် ဒုတိယကမ္ဘာစစ်ကတည်းက စစ်ရေး အရ အရေးပါခဲ့တဲ့ အခြေစိုက်စခန်းဖြစ်ခဲ့တာပါ။ ဟာဝိုင်ရီ ပြည်နယ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြား ပစိဖိတ် သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ အတွက် တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်နဲ့ ထိုင်ဝမ် ရေလက်ကြားကို လက်လှမ်းမီတဲ့ ပထဝီ အနေအထား ဖြစ်ပါတယ်။

ဘီဘီစီ တဝန်း