တင်းမာတဲ့ တုံ့ပြန်မှုက အလုပ်ဖြစ်တယ်

  • 15 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဂူအမ်ကျွန်းကို မစ်ဆိုင်းဒုံး ပစ်လွှတ်ဖို့ အစီအစဉ်ကို ကင် ဂျုန်အွန်းကို ချပြ

မြောက်ကိုရီးယားရဲ့ မစ်ဆိုင်းဒုံး ခြိမ်းခြောက်မှုအပေါ် သမ္မတထရမ့်က တင်းတင်းမာမာ ပြန်လည် တုံ့ပြန်လိုက်တာဟာ အလုပ်ဖြစ်သွားတယ်လို့ ယူဆကြောင်း ပစိဖိတ်ဒေသက အမေရိကန်ပိုင်နက် ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး Eddie Calvoက ဘီဘီစီကို ပြောပါတယ်။

အနိုင်ကျင့်သူတွေကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ပြန်တုံ့ပြန်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်က ရန်လိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်နေဆဲ ဖြစ်ပေမယ့် မစ်ဆိုင်းဒုံး ပစ်လွှတ်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပြီလို့ ဆိုနေကြောင်း၊ ဒါဟာ သမ္မတ ထရမ့်တင်မက နိုင်ငံခြားရေးဝန်ကြီး Tillerson၊ ကာကွယ်ရေး ဝန်ကြီး Mattis တို့ဆီကပါ ပြင်းထန်တဲ့ ကြေညာချက်တွေကြောင့် အခုလို ဆိုင်းငံ့လိုက်တာလို့ ယုံကြည်ကြောင်း ဂူအမ်ကျွန်း အုပ်ချုပ်ရေးမှူး Eddie Calvo က ပြောပါတယ်။

ဂူအမ်ကျွန်းကို ဦးတည်ပြီး မစ်ဆိုင်းဒုံးပစ်လွှတ်မယ့် အစီအစဉ်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင် ဂျုန် အွန်းက ဆိုင်းငံ့လိုက်ကြောင်း မြောက်ကိုရီးယား အစိုးရ သတင်းမီဒီယာတွေ မှာ ဖေါ်ပြခဲ့အပြီး အခုလို ပြောဆိုလိုက်တာပါ။

တောင်ကိုရီးယားရဲ့ သဘောတူ ခွင့်ပြုချက်မပါပဲ ကိုရီးယားကျွန်းဆွယ်မှာ စစ်တိုက်ခွင့် ပြုမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင် က အစောပိုင်းတုန်းက ပြောကြားလိုက်ပါတယ်။