ထရမ့်တာဝါမှာ လုပ်တဲ့ ဒေါသတကြီး သတင်းစာ ရှင်းလင်းပွဲ

  • 15 ဩဂုတ် 2017
Image caption အုပ်စု နှစ်ခုစလုံးမှာ အပြစ် ရှိတယ်

အမေရိကန် ပြည်ထောင်စု ၊ ဗာဂျီးနီးယား ပြည်နယ်က ရှားလော့စ်ဗေးလ်မြို့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထိပ်တိုက် တွေ့ခဲ့ကြတဲ့ အုပ်စု နှစ်ခုစလုံးမှာ အပြစ် ရှိတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆို လာပြန်ပါတယ်။

သမ္မတရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်ထဲမှာ လူဖြူ ကြီးစိုးရေး ဝါဒီ လက်ျာစွန်းရောက်တွေ အပေါ် ပြစ်တင် ရှုတ်ချ ခဲ့ပေမယ့် ၊ အခုတခါ လက်ျာစွန်း ဆန့်ကျင်ရေး တန်ပြန် ဆန္ဒပြ သမားတွေ အပေါ်မှာပါ ထရမ့်က ပြစ်တင်စကား ပြောလာတာပါ။

တန်ပြန် ဆန္ဒပြသမားတွေ ဘက်ကလည်း လက်ျာစွန်းတွေကို တိုက်ခိုက် ခဲ့တာပဲ ဆိုပြီး နယူးယောက်မြို့ ထရမ့်တာဝါ အဆောက်အဦမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းပွဲမှာ သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။

ရှားလော့စ်ဗေးလ်မြို့မှာ လက်ျာစွန်းရောက်တွေရဲ့ စနေနဲ့ ချီတက်ပွဲတုန်းက အသားရောင် ခွဲခြားမှု ဆန့်ကျင်ရေး တန်ပြန် ဆန္ဒပြသူတွေနဲ့ကြား ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ အပြင် ၊ တန်ပြန် ဆန္ဒပြကြသူ လူအုပ်ထဲ ကားတစ်စင်း မောင်းဝင် တိုက်ခိုက် ခဲ့လို့ အသက် ၃၂ နှစ် အရွယ် ဟယ်သာဟေရာ ဆိုတဲ့ အမျိုးသမီး တစ်ဦး သေဆုံး ခဲ့ရသလို လူ ၁၉ ယောက်လည်း ဒဏ်ရာ ရခဲ့ပါတယ်။