ဆီရာယာလီယွန်း မြေပြိုမှု ၅ဝဝ အထက် သေဆုံးနိုင်

  • 15 ဩဂုတ် 2017
Image caption နိုင်ငံတကာ အကူအညီ တောင်းခံ

အာဖရိကတိုက် အနောက်ခြမ်း နိုင်ငံ ဆီရာယာလီယွန်းမှာ တနင်္လာနေ့က ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးခဲ့ရသူ အလောင်း ၄ဝဝ နီးပါးကို ပြန်လည် တွေ့ရှိ ထားတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက် နေသူတွေက ပြောပါတယ်။

မိုးကြီးခဲ့လို့ မြို့တော် ဖရီးတောင်းရဲ့ ဆင်ခြေဖုံး အရပ်မှာ တောင်နံရံ ပြိုတာတွေ ဖြစ်ခဲ့တာပါ။

အပျက်အစီးပုံတွေကြား ရှာဖွေရေးတွေ ဆက်လက် လုပ်ဆောင် နေပြီး သေဆုံးစာရင်းထဲ အယောက် ၅ဝဝ ကျော် ရှိလာနိုင်တယ်လို့ ဆီရာယာလီယွန်း အာဏာပိုင်တွေ ခန့်မှန်း ထားပါတယ်။

မြို့တော်ရဲ့ ရေခဲတိုက်မှာ ဆိုရင် ကြမ်းပြင်ပေါ် တွေမှာပါ အလောင်းတွေ စုပုံ ထားရပါတယ်။

ခုလို တွေ့ထားရသမျှ လူသေလောင်းတွေကို ဩဂုတ်လ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကယ်ဆယ်ရေး အေဂျင်စီတွေရဲ့ အကူအညီတဲ့ သင်္ချိုင်း ၄ ခုမှာ ခွဲပြီး သင်္ဂြိုလ်သွားဖို့ စီစဉ် ထားပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရဲ့ အဆိုအရ ဒီမြေပြိုမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ အနည်းဆုံး လူ ၃ ထောင် ရှိနေပါတယ်။

ဆီရာယာလီယွန်းကို အရေးပေါ် အကူအညီ တွေ ပေးကြဖို့ နိုင်ငံတကာထံ သမ္မတ အားနက်စ် ဘိုင် ကိုရူမားက မေတ္တာ ရပ်ခံထားပါတယ်။