တရုတ်ငါးဖမ်းသင်္ဘော အီကွေဒေါမှာ ဖမ်းခံထိ

  • 16 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Streeter Lecka / Getty Images
Image caption တူ ပုံသဏ္ဌာန် ဦးခေါင်းရှိတဲ့ ငါးမန်းတွေဟာ ရှားပါးမျိုးစိတ်ဝင်ဖြစ်ပြီး ကမ္ဘာပေါ်မှာ မျိုးတုံးလု ဖြစ်နေ

တောင်အမေရိကတိုက် အီကွေဒေါနိုင်ငံက အာဏာပိုင်တွေဟာ မျိုးတုံးလု ဖြစ်နေတဲ့ ငါးမန်းသေတွေပါတဲ့ တရုတ်သင်္ဘောတစင်းကို ပစ္စဖိတ်သမုဒ္ဒရာထဲက ဂလာပဂိုစ်ကျွန်းစုမှာ ဖမ်းဆီးလိုက်ပါတယ်။

ငါးတန်ချိန် ၃၀ဝ တင်ဆောင်လာတဲ့ ဖူယူအန်ယူလန်း ၉၉၉ အမည်နဲ့ အဲဒီ သင်္ဘောကို ငါးမဖမ်းရ နေရာ အဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ကျွန်းစုတန်းတွေ ရှိတဲ့ နေရာမှာ တွေ့ရှိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ ငါးတွေထဲမှာ အများစုက ငါးမန်းတွေ ဖြစ်ပြီး အဲဒီမှာ မျိုးတုံးလု ဖြစ်နေတဲ့ တူ ပုံသဏ္ဌာန် ဦးခေါင်းရှိတဲ့ ငါးမန်းတွေလည်း ပါဝင်ပါတယ်။

ဖမ်းဆီးခံရတဲ့ ငါးဖမ်းသင်္ဘောက သင်္ဘောသား အယောက် ၂၀ လောက်ဟာ ထိန်းသိမ်းထားတဲ့ ငါးမျိုးစိတ်တွေကို ဖမ်းဆီးရောင်းချမှုနဲ့ အပြစ်ရှိကြောင်း ထင်ရှားခဲ့ရင် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် အထိ ကျခံရဖွယ် ရှိပါတယ်။

Image caption အီကွေဒေါပိုင် ပစ္စဖိတ်သမုဒ္ဒရာထဲက ဂလာပဂိုစ်ကျွန်းစုတန်းတွေဟာ ကမ္ဘာ့ယဉ်ကျေးမှုနယ်မြေအဖြစ် ယူနက်စကိုက ထိန်းသိမ်းစောင့်ရှောက်ထား

သက်ရှိ သတ္တဝါ မျိုးစိတ်ကွဲတွေ သဘာဝ အတိုင်း အများအပြား ရှိရာ ဂလာပဂိုစ်ကျွန်းစုတန်းတွေကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ (UNESCO) အဖွဲ့ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာ အဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားတာပါ။

အခု ဖမ်းဆီးရမှုဟာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရေပြင်အတွင်းမှာ အကြီးမားဆုံး ဖမ်းဆီးရမိမှု ဖြစ်တယ်လို့ ဂလာပဂိုစ် နိုင်ငံတော်အဆင့် ဥယျာဉ်ရဲ့ အမှုဆောင်အရာရှိ ဝေါ်လတာ ဘူတို့စ်က အီကွေဒေါ သတင်းစာ အယ်လ်ယူနီဗာဆိုကို ပြောပါတယ်။

သင်္ဘောပေါ်က ငါးတွေအားလုံးဟာ ငါးမဖမ်းရ ရေပြင်အတွင်းမှာ ဖမ်းခဲ့တယ်လို့ မဆိုနိုင်ပေမယ့် သင်္ဘောပေါ်မှာ ငါးမန်းငယ်တွေ၊ ငါးမန်းပေါက်စလေးတွေကိုတောင်တွေ့ရတဲ့ အတွက် ဒါဟာ စောင့်ရှောက်ခံ ရေပြင်ထဲမှာ ငါးဖမ်းခဲ့တယ်ဆိုတာကို ပြနေတယ်လို့ အီကွေဒေါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး တာဆီစာရို ဂရက်နီဇိုက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း အီကွေဒေါရဲတပ်ဖွဲ့ဟာ အာရှဘက်ကို တင်ပို့မယ့် ငါးမန်းတောင်ပံ ၂၀ဝ,ဝ၀ဝ ကို ဖမ်းဆီးရမိဖူးခဲ့ပါတယ်။

ငါးမန်းတောင်ပံဟာ တရုတ်ရိုးရာဟင်းလျာတွေမှာ တန်ဖိုးကြီး အစားအစာအဖြစ် အထူးတလည် ပါဝင်လေ့ရှိပြီး ခမ်းနားတဲ့ စားပွဲကြီးတွေမှာ ဟင်းချို အဖြစ် သုံးဆောင်လေ့ရှိပါတယ်။

စားသုံးမှု ဈေးကွက်မှာ ငါးမန်းတောင်ပံကို လူကြိုက်များနေတာက မျိုးတုံးလု ဖြစ်နေတဲ့ ငါးမန်းမျိုးစိတ်တွေ အတွက် အန္တရာယ် ဖြစ်ပြီး တရားမဝင် မှောင်ခိုကုန်ကူးတာတွေကိုလည်း အားပေးနေတယ်လို့ သဘာဝပတ်ဝန်ကျင်း ထိန်းသိမ်းရေး သမားတွေက ထောက်ပြကြပါတယ်။