ဒင်နီရယ်ခရိတ် ဂျိမ်းစ်ဘွန်းမင်းသား ဆက်လုပ်မယ်

  • 16 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အင်္ဂလိပ်မင်းသား ဒင်နီရယ်ခရိတ်ဟာ တရားဝင် ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေမှာ ၆ ယောက် မြောက် မင်းသား ဖြစ်

နာမည်ကျော် စပိုင် ရုပ်ရှင် ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေရဲ့ လက်ရှိ မင်းသား ဒင်နီရယ်ခရိတ်က လာမယ့် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်မှာ လျှို့ဝှက်အေးဂျင့်အဖြစ် သူ ဆက်လက် သရုပ်ဆောင်သွားမယ်လို့ ဆိုလိုက်ပါတယ်။ အမေရိကန် ရုပ်သံ စကားဝိုင်း The Late Show မှာ အဲဒီလို အတည်ပြုသွားခဲ့တာပါ။

ဂျိမ်းစ်ဘွန်း ရုပ်ရှင် နောက်ဆုံး ၄ ကားမှာ သရုပ်ဆောင်ခဲ့တဲ့ အသက် ၄၉ နှစ် ရှိပြီ ဖြစ်တဲ့ မင်းသား ခရိတ်ဟာ နောက်ထွက်မယ့် ကားမှာလည်း ပါဝင်ဖို့ သဘောတူလိုက်ပြီ ဆိုတဲ့ သတင်းတွေ လတ်တလော ထွက်ပေါ်နေပေမယ့် ခရိတ် ဘက်ကတော့ မနေ့က အထိ သူ မဆုံးဖြတ်ရသေးဘူးလို့သာ ဖြေဆိုခဲ့တာပါ။

ဒါပေမယ့် အခု တီဗီပွဲမှာတော့ သူ သရုပ်ဆောင်မယ့် အကြောင်းကို သိနေခဲ့တာ ၂ လ လောက်ရှိပြီလို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

သူအနေနဲ့ လာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ ဆက်သရုပ်ဆောင်ဖို့ကို အမြဲတမ်း ရည်ရွယ်ထားခဲ့ပြီး ခေတ္တခဏ အနားယူဖို့သာ လိုအပ်ခဲ့တာပါလို့ ဆိုပါတယ်။

လာမယ့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဟာ သူ့ အနေနဲ့ စပိုင် အဖြစ် နောက်ဆုံး သရုပ်ဆောင်မယ့် ဇာတ်ကားဖြစ်ဖွယ်ရှိတယ်လို့လည်း ခရိတ်က ပြောပါတယ်။

ဂျိမ်းဘွန်း မင်းသား အဖြစ် ပီးယက်စ်ဘရွန်ဆင်ရဲ့ နေရာကို ဆက်ခံခဲ့သူ ခရိတ်ဟာ ၂၀ဝ၆ ခုနှစ်မှာ Casino Royale ရုပ်ရှင်နဲ့ အတူ သူ့ရဲ့ ပထမဆုံး ဂျိမ်းဘွန်းဇာတ်ရုပ်ကို စတင်ခဲ့ပါတယ်။ အဲဒီနောက် Quantum of Solace (၂၀ဝ၈)၊ Skyfall (၂၀၁၂) နဲ့ Spectre (၂၀၁၅) ဇာတ်ကားတွေ ဆက်ရိုက်ကူးခဲ့ပါတယ်။

၂၅ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဇာတ်ကားသစ်ကို လာမယ့် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာမှာ ထွက်လာဖို့ရှိတယ်လို့ ထုတ်လုပ်သူတွေက ကြေညာ ထားပါတယ်။