ရှားလော့စ်ဗီးလ်မြို့ အကြမ်းဖက်မှု ထရမ့် ပြောကြားချက်အပေါ် ဝေဖန်သံတွေထွက်

  • 17 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သက်ရှိထင်ရှား သမ္မတဟောင်းနှစ်ဦး အခုလို ပူးတွဲ ကြေညာချက်ထုတ်ပြန်တာမျိုး အရင်က မရှိဖူးခဲ့။

အမေရိကန်နိုင်ငံ ရှားလော့စ်ဗီးလ်မြို့မှာ လက်ျာစွန်းဝါဒီ ဆန္ဒပြသူတွေနဲ့ သူတို့ကို ဆန့်ကျင်သူတွေအကြား လူသေဆုံးမှုတွေ ရှိခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ နှစ်ဘက်စလုံးမှာ တာဝန်ရှိတယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောခဲ့အပြီး ပြည်တွင်းပြည်ပ ဝေဖန်ပြောဆိုမှုတွေ အကြီးအကျယ် ထွက်ပေါ်နေပါတယ်။

အကြံပေး ဘုတ်အဖွဲ့နှစ်ခုကနေ စီးပွားရေး ခေါင်းဆောင်တွေ တသီတသန်းကြီး နှုတ်ထွက်သွားခဲ့မှုကြောင့် သမ္မတထရမ့်အနေနဲ့ အဲဒီအဖွဲ့နှစ်ခုစလုံးကို ဖျက်သိမ်းလိုက်ကြောင်း ထုတ်ဖော် ကြေညာခဲ့ရပါတယ်။

မလုပ်စဖူးလုပ်ခဲ့တဲ့ ပူးတွဲ ကြေညာချက်ထဲမှာ ရီပတ်ဘလီကန် သမ္မတဟောင်း ဂျော့ဂျ် အိတ်ချ် ဘွတ်ရှ် နဲ့ သူ့ရဲ့သား သမ္မတဟောင်း ဂျော့ဂျ် ဒဘလျူ ဘွတ်ရှ်တို့က လူမျိုးရေး ခွဲခြားမှုနဲ့ ဂျူးမုန်းတီးမှုတွေကို လက်မခံကြဖို့ လူထုကို တိုက်တွန်းခဲ့ပါတယ်။

လူမျိုးရေး ခွဲခြားမှုနဲ့ နိုင်ငံခြားသား သူစိမ်း လက်မခံမှုတွေ ဘယ်မှာပဲ ဖြစ်ပွား ဖြစ်ပွား တန်ပြန်ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်ဖို့ လိုတယ် ဆိုတဲ့ ဥရောပ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ထောက်ခံ ပြောဆိုခဲ့ပါတယ်။