HBO အွန်လိုင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ခံနေရ

  • 17 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် HBO
Image caption HBO ရဲ့ လုံခြုံရေး ချိုးဖောက်ခံရမှုတွေမှာ သူ့ရဲ့ လူကြိုက်များတဲ့ Game of Thrones ရုပ်သံဇာတ်လမ်းတွဲ အသစ်တွေ ပေါက်ကြားတာလည်း ပါဝင်

အမေရိကန် ရုပ်သံကွန်ရက် Home Box Office (HBO) ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာ အကောင့်တွေဟာ ဆိုက်ဘာဖောက်ထွင်းသူတွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

ဆိုက်ဘာတိုက်ခိုက်တာတွေ ဆက်တိုက် ခံနေရတဲ့ HBO အတွက် ဒါဟာ နောက်ဆုံး လုံခြုံရေးကျိုးပေါက်မှု ဖြစ်ပါတယ်။

OurMine လို့ အမည်ပေးထားတဲ့ အဖွဲ့တခုက HBO ရဲ့ Game of Thrones ရုပ်သံစီးရီးတွဲတွေနဲ့ အတူ သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကိုပါ ထိန်းချုပ်ထားတဲ့ အနေအထား ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Twitter: HBO
Image caption HBO တွစ်တာ အကောင့်မှာ ဟက်ကာတွေ တင်ခဲ့တဲ့ ပို့စ်

ဖောက်ထွင်းသူ ဟက်ကာတွေ တင်ထားတဲ့ HBO အွန်လိုင်းလူမှုကွန်ရက်က ပို့စ်တခုမှာ "OurMine ဒီမှာ ရောက်နေပြီ၊ ခင်ဗျားတို့ရဲ့ လုံခြုံရေးကို စမ်းသပ်တဲ့ သဘောပါ" လို့ ရေးသားထားပါတယ်။ ဟက်ကာတွေ တင်ခဲ့တဲ့ တချို့ပို့စ်တွေကိုတော့ အလျင်အမြန်ပဲ ဖယ်ရှားနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Facebook: HBO
Image caption HBO ဖေ့စ်ဘွတ်ခ် အကောင့်မှာ ဟက်ကာတွေ တင်ခဲ့တဲ့ ပို့စ်

Game of Thrones ဇာတ်လမ်းတွဲ အသစ်က ဇာတ်ညွှန်းတွေနဲ့ ကုမ္ပဏီ သတင်းအချက်အလက်တွေ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အများကို ပေါက်ကြားခဲ့ပြီးနောက်မှာ အခု ကိစ္စက ဖျော်ဖြေရေး ကုမ္ပဏီ အတွက် ထပ်မံ ခေါင်းခဲစရာ ဖြစ်လာပါတယ်။

ဇူလိုင်လထဲမှာ အမည်မဖော်တဲ့ ဖောက်ထွင်းသူတွေက HBO ဆီက ၁.၅ တက်ရာဘိုဒ် အရွယ်အစား ရှိတဲ့ ဒေတာတွေကို လယ်ဝယ်ပိ်ုင်ဆိုင်ထားတယ်လို့ ကြေညာထားပြီး အဲဒီထဲက မထုတ်လွှင့်ရသေးတဲ့ HBO ရဲ့ Curb Your Enthusiasm and Insecure ရုပ်သံဇာတ်လမ်းတွဲတွေ အပါအဝင် ကုမ္ပဏီရဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ သီးခြား ဖြစ်ရပ် တခုမှာတော့ အိန္ဒိယနိုင်ငံက HBO ရဲ့ လက်ရှိဝန်ထမ်းနဲ့ ဝန်ထမ်းဟောင်း ၄ ယောက်ကို မထုတ်လွှင့်ရသေးတဲ့ Game of Thrones ရုပ်သံ ဇာတ်လမ်းတွဲ တခု တရားမဝင် ပြင်ပကို ဖြန့်ချိခဲ့မှုနဲ့ ဖမ်းဆီးမိခဲ့ပါတယ်။

အခု နောက်ဆုံး အဖြစ်အပျက် OurMine ရဲ့ တိုက်ခိုက်မှု အတွက် HBO ကို ဘီဘီစီက ဆက်သွယ်ထားပေမယ့် လတ်တလော အကြောင်းပြန်တာ မရှိသေးပါဘူး။

OurMine အဖွဲ့ဟာ ကျော်ကြားသူတွေရဲ့ တွစ်တာ အွန်လိုင်း လူမှုကွန်ရက် အကောင့်တွေကို ဖောက်ထွင်းသူတွေ အဖြစ် နာမည်ကြီးပါတယ်။ မနှစ်ကလည်း အမေရိကန်ဖျော်ဖြေရေး ကုမ္ပဏီ နက်ဖလစ်၊ အွန်လိုင်းစွယ်စုံကျမ်း ဝီကီပီဒီယား ထူထောင်သူ ဂျင်မီဝေးလ်စ်၊ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် တည်ထောင်သူ မာခ်ဇူကာဗတ်နဲ့ ဂူဂဲလ် အွန်လိုင်း ရှာဖွေရေးရဲ့ အမှုဆောင်အရာရှိချုပ် ဆွန်းဒါးပီချေး တို့ရဲ့ အကောင့်တွေကို အဲဒီ အဖွဲ့က ဖောက်ထွင်းယူနိုင်ခဲ့ပါတယ်။