အိန္ဒိယနဲ့တရုတ်နယ်ခြားမှာ နှစ်ဖက်တပ်တွေ အချင်းများ

  • 17 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အခုလပိုင်းတွေ အတွင်း အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံကြားက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေသတွေမှာ နှစ်ဖက် တင်းမာမှုတွေ မြင့်မားနေပါတယ်။

အိန္ဒိယနဲ့ တရုတ် နယ်ခြားက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အနောက်ပိုင်း ဟိမဝန္တာတောင်တန်းဒေသမှာ နှစ်နိုင်ငံ တပ်သားတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နှစ်နိုင်ငံနယ်ကြား ပန်ဂွန်း ရေကန်အနီးက အိန္ဒိယပိုင် ဒေသထဲကို တရုတ် တပ်သားတွေ ဝင်လာချိန်မှာ နှစ်ဖက်စလုံးရဲ့ စစ်သားတွေဟာ ကျောက်ခဲတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြလို့ အသေးစား ထိခိုက်ဒဏ်ရာ ရတာတွေ ဖြစ်ခဲ့တယ်လို့ အိန္ဒိယ သတင်းဌာန Press Trust of India (PTI) က ဆိုပါတယ်။

ဒါပေမယ့် ဘေဂျင်း အစိုးရကတော့ သူတို့ရဲ့ တပ်သားတွေဟာ တရုတ်ပိုင်နက်ထဲမှာပဲ ရှိနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ် အရာရှိတွေကို ကိုးကားပြီး ရေးထားတဲ့ PTI သတင်းမှာတော့ နှစ်ဖက်စစ်တပ် နောက်ဆုံး ထိတွေ့ခဲ့မှုမှာ အိန္ဒိယ ပိုင်နက် အဖြစ် ကြေညာထားတဲ့ ဂျာမူး-ကက်ရှ်မီးယား ပြည်နယ်က လာဒက်ခ် ဟိမဝန္တာတောင်မြင့်ဖြတ်လမ်း အနီးက နေရာကို တရုတ် စစ်သားတွေ ဝင်လာခဲ့လို့ အိန္ဒိယ စစ်သားတွေက လက်ချင်းချိတ် ပိတ်ဆို့ တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ နေရာကို တရုတ်ကလည်း သူတို့ ပိုင်နယ်မြေ အဖြစ် တောင်းဆိုထားပါတယ်။

ဒီ ဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး အိန္ဒိယ အစိုးရ တာဝန်ရှိသူ တယောက်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းကြည့်ရမှာတော့ အိန္ဒိယ မီဒီယာရဲ့ ဖော်ပြချက်တွေကို အတည်ပြုတာ၊ ငြင်းဆန်တာ မလုပ်ဘဲ ဒီလို အဖြစ်အပျက်တွေ ဖြစ်လေ့ဖြစ်ထ ရှိကြောင်း၊ ဒါမျိုးတွေ ဖြစ်တာ ပထမဆုံး အကြိမ် မဟုတ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အိန္ဒိယနဲ့ တရုတ်ဟာ နယ်စပ်မှာ ပိုင်ဆိုင်မှု အငြင်းပွားနေပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆောင်ရွက်မှုကတော့ တိုးမြင့်နေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ အိန္ဒိယအနေနဲ့ တရုတ်မြေပေါ်က သူတို့ရဲ့ တပ်သားတွေနဲ့ ပစ္စည်းကိရိယာတွေကို ခြွင်းချက် မရှိ ချက်ချင်း ဖယ်ရှားပေးရမယ်လို့ ပါရှိပြီး တရုတ်စစ်သားတွေဟာ သူတို့ ပိုင်နက်ထဲမှာပဲ ရှိနေတယ်ဆိုတာကိုလည်း ထပ်လောင်း ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အိန္ဒိယနဲ့ တရုတ် ကြားမှာ တိကျတဲ့ ပိုင်ဆိုင်မှု နယ်ခြားမျဉ်း Line of Actual Control မရှိတဲ့ အတွက် မြေပြင်မှာ နှစ်ဖက် အချင်းများတာတွေ ဖြစ်တတ်ပြီး ဒါကို ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံလုံးက သဘောတူညီတဲ့ နယ်ခြားစည်း သတ်မှတ်ဖို့ လိုတယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်နယ်စပ် တနေရာမှာ ကင်းစောင့်နေတဲ့ အိန္ဒိယစစ်သား တယောက်ကို တွေ့မြင်ရပုံ၊ တရုတ်ဘက်ကလည်း အဲဒီဒေသကို သူတို့ ပိုင် အဖြစ် တောင်းဆိုထား

အခုတကြိမ်မတိုင်မီ နှစ် နိုင်ငံ ထိပ်တိုက် တွေ့ခဲ့တဲ့ နောက်ဆုံး ဖြစ်ရပ်မှာ ဆိုရင် နှစ်ဘက်စစ်တပ်ဟာ လက်နက်တွေ ကိုယ်စီနဲ့ ၂ လ ကြာ အသင့်အနေထား ဖြစ်ခဲ့တာပါ။

ဇွန်လက စခဲ့တဲ့ နယ်ခြား အငြင်းပွားမှုမှာ နှစ်နိုင်ငံစလုံးက စစ်တပ်တွေဟာ နယ်စပ်မှာ စစ်သည်အင်အားတွေ တိုးချထားသလို အခြား တဖက်ကိုလည်း ဆုတ်ခွာဖို့ အပြန်အလှန် တောင်းဆိုကြပါတယ်။

အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံဟာ ၁၉၆၂ ခုနှစ်တုန်းက နယ်ခြားပိုင်ဆိုင်မှုအတွက် စစ်ပွဲကြီး အထိ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း နယ်စပ်တလျှောက်က အငြင်းပွားနေတဲ့ ဒေသတွေမှာ ပြေလည် အောင် ဖြေရှင်းနိုင်တာလည်း မရှိခဲ့လို့ မကြခဏ ဆိုသလို နှစ်ဖက် အချေအတင်ဖြစ်တာတွေ ကြုံတွေ့ရလေ့ရှိပါတယ်။