မာလာလာ အောက်စဖို့ဒ် တက်ခွင့်ရ

  • 17 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မာလာလာဟာ တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့သြဇာအကြီးဆုံး စာရင်းဝင် အဖြစ်လည်း ၂၀၁၃ ခုနှစ်တုန်းက ရွေးချယ်ခံခဲ့ရဖူးပါတယ်။

ဗြိတိန်မှာ တက္ကသိုလ်ဝင်ခွင့် အေအဆင့် စာမေးပွဲ ရလဒ်တွေ ဒီနေ့ ထွက်လာအပြီးမှာ ကမ္ဘာ့ အသက်အငယ်ဆုံး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာလာလာ ယူဆွဖ်ဆိုင်း တယောက် အောက်စဖို့ဒ် တက္ကသိုလ် ဝင်ခွင့် ရသွားကြောင်း သိရပါတယ်။

ဘာမင်ဂမ်မှာ နေထိုင်နေတဲ့ အသက် ၂၀ နှစ် အရွယ် မာလာလာက သူ့ရဲ့ အွန်လိုင်းလူမှုကွန်ရက် တွစ်တာမှာ အောက်စဖို့ဒ် ဝင်ခွင့်ရတဲ့ သတင်းကို အတည်ပြုထားပြီး အခြား စာမေးပွဲအောင်သူ အားလုံးကိုလည်း ဂုဏ်ပြုစကား ဆိုထားပါတယ်။

အေအဆင့် စာမေးပွဲ ဘာသာရပ် ၃ ခုမှာ ထိပ်တန်းအဆင့် အောင်ခဲ့ရင် ယူကေ တက္ကသိုလ်တခုက သူ့ကို ဝင်ခွင့်ပေးမယ် ဆိုပြီး ကမ်းလှမ်းခံထားရတယ်လို့ ပြီးခဲ့တဲ့ မတ်လတုန်းက မာလာလာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အခုတော့ လိုအပ်တဲ့ အောင်မှတ်တွေရခဲ့လို့ တက္ကသိုလ်ဝင်ခွင့် ရသွားပါပြီ။

ဓာတ်ပုံ မူပိုင် Reuters
Image caption မာလာလာဟာ သူ့ ပညာရေးပန်းတိုင်အရောက် ကြိုးစား သင်ယူနေသူဖြစ်သလို တပြိုင်တည်းမှာပဲ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဖြစ်လည်း မဆုတ်မနစ် ဆောင်ရွက်နေသူပါ။

မာလာလာဟာ အောက်စဖို့ဒ် တက္ကသိုလ် လေဒီမာဂရက်ကျောင်းဆောင်မှာ ဒဿနိကဗေဒ၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘာသာရပ်တွေကို လေ့လာသင်ယူပါမယ်။ အဲဒီမှာ အရင်တုန်းက သူ့ရဲ့ မိခင်တိုင်းပြည် ပါကစ္စတန်ရဲ့ အမျိုးသမီး ဝန်ကြီးချုပ်ဟောင်း ဖြစ်ခဲ့သူ ဘာနာဇီရာဘူတို တက်ရောက် ပညာသင်ကြားဖူးပါတယ်။

မာလာလာဟာ ၂၀၁၂ တုန်းက ပါကစ္စတန်မှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေး လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့လို့ ဘာသာရေးအစွန်းရောက် အဖွဲ့ တာလီဘန်က သူ့ ဦးခေါင်းကို သေနတ်နဲ့ ပစ် ရန်ပြုတာ ခံခဲ့ရပြီး သေလုမျောပါး ဖြစ်ခဲ့ရပါတယ်။

အဲဒီ ဖြစ်ရပ်အပြီးမှာ မာလာလာဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရပြီး ဆေးကုသမှု ခံယူဖို့ ယူကေကို ပြောင်းရွှေ့နေထိုင်ခဲ့ကာ အဲဒီမှာပဲ ဆက်လက် ပညာသင်ယူနေတာပါ။

မာလာလာဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အသက်အငယ်ဆုံး ငြိမ်းချမ်းရေး တမန်တော်လည်း ဖြစ်ပါတယ်။