ဘာစီလိုးနား အကြမ်းဖက်မှု ၁၃ ဦးသေ

  • 17 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာလှည့်ခရီးသည်တွေ ကျက်စားရာ နေရာထဲ ဗင်ကားနဲ့ အတင်းဝင်တိုက်ခဲ့

စပိန်နိုင်ငံ ဘာစီလိုးနားမြို့မှာ ကမ္ဘာလှည့် ခရီးသည်တွေ ကျက်စားရာ လမ်းမကြီးတခုထဲ ဗင်ကားတစင်း တမင်ဝင်တိုက်ခဲ့ရာမှာ အနည်းဆုံး လူ၁၃ဦး သေဆုံးပြီး လူ၈၀ ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြို့လယ်ခေါင်မှာ ရှိတဲ့ လာ့စ် ရမ်ဘလာစ့် ရပ်ကွက်ထဲ အဲဒီ ဗင်ကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့အပြီးမှာ ကားမောင်းသူက ကားကို ပစ်ထားပြီး ထွက်ပြေးသွားပါတယ်။

ဆိုင်တွေ ဘုရားကျောင်းတွေထဲကို ရာနဲ့ ချီတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဒေသခံတွေက ဝင်ပြေးခဲ့ကြချိန်မှာ လက်သည်တရားခံတွေကို ရဲတွေက လိုက်လံ ရှာဖွေခဲ့ကြပါတယ်။

နာရီအနည်းငယ် ကြာတဲ့အခါမှာတော့ မိုရိုကန်လူမျိုး တဦး အပါအဝင် လူနှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

နောက်ထပ် တဦးကတော့ ဘာစီလိုးနားမြို့ ဆင်ခြေဖုံး ရပ်ကွက်တခုမှာ ရဲတွေရဲ့ ပစ်ခတ် ဖမ်းဆီးမှုအတွင်း သေဆုံးသွားတယ်လို့ စပိန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အခုအခါ ဘာစီလိုးနားမြို့ရဲ့ တောင်ဘက် ကမ်ဘရေလ်မြို့မှာ ရဲတွေရဲ့ စီးနင်းရှာဖွေမှုအတွင်း အကြမ်းဖက်သမား ဆိုသူ လူ၄ဦးကို အသေ ပစ်ခတ် ဖမ်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဂျီဟာ့ဒစ်စ် ဝါဒီ အစ္စလာမစ် နိုင်ငံ လက်နက်ကိုင်အဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့ ကြိုးကိုင် စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။