မူးယစ်ဆေးသုံးသူတွေကို ထောင်ဒဏ်အစား လူမှုရေး ပြစ်ဒဏ်ချမှတ်မယ်

  • 18 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကချင်ပြည်နယ်က မူးယစ်ဆေး စွဲနေသူတွေ

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို အမျိုးသား လွှတ်တော်က သြဂုတ်လ ၁၇ရက်နေ့က အတည်ပြုလိုက်ပါတယ်။

အခု အသစ် ပြင်ဆင်လိုက်တဲ့ ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ထောင်ဒဏ်အစား လူမှုရေး ပြစ်ဒဏ်သာ ချမှတ်မှာ ဖြစ်ပါတယ်။

လက်ရှိ တည်ဆဲ ဥပဒေအရ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ထောင်ဒဏ် ၅ နှစ်အထိ ကျခံဖို့ သတ်မှတ်ထားတာပါ။

ဒီဥပဒေအရ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ထောင်ဒဏ်အစား လူမှုရေး အကျိုးပြု လုပ်ငန်းတွေ ဖြစ်တဲ့ သစ်ပင် ပန်းမန် စိုက်ပျိုးတာ၊ သန့်ရှင်းရေး လုပ်ငန်းတွေ ဆောင်ရွက်တာ၊ လမ်းတံတားတွေ ပြုပြင်တာတွေကို လူမှုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး သတ်မှတ်ထားတဲ့ ဝတ်စုံကိုဝတ်ဆင်ကာ တစ်ရက် ၂ နာရီ နှုန်းနဲ့ အနည်းဆုံး နာရီ ၁၈၀ ကနေ အများဆုံး နာရီ ၂၄၀ ကိုယ်ပိုင်လုပ်အားနဲ့ အခမဲ့ လုပ်ကိုင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ထောင်ဒဏ်အစား အခုလို လူမှုရေး ပြစ်ဒဏ် ပြောင်းလဲ သတ်မှတ်လိုက်တာကို ကြိုဆိုသူတွေ ရှိသလို ဒီဥပဒေရဲ့ အားနည်းချက်ကို အခွင့်ကောင်း ယူပြီး မူးယစ်ဆေး သုံးစွဲသူတွေ ပိုများလာနိုင်တယ် ဆိုပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းလုပ်နေသူ တချို့နဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့က စိုးရိမ် နေကြပါတယ်။

မြန်မာနိုင်ငံက မူးယစ်ဆေးဝါး အမှုတွေမှာ သုံးစွဲသူတွေသာ ဖမ်းမိတာ များနေပြီး တကယ် ရောင်းချနေတဲ့သူတွေကို ဖမ်းမိတာ နည်းကြောင်းနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျ စေချင်ရင်တော့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို တိုက်ဖျက်ဖို့နဲ့ ဒီလို လုပ်တဲ့အခါမှာလည်း ပြည်သူလူထု ပူးပေါင်း ပါဝင်လာအောင် ဥပဒေထဲ ထည့်သွင်း ပြဋ္ဌာန်းတာမျိုး လုပ်ဆောင်တာက ပိုအကျိုးရှိတယ်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်သူ တချို့က အကြံပြု ပြောဆိုနေကြပါတယ်။