ဘာစီလိုနာ တိုက်ခိုက်သူကို အကြီးအကျယ် ရှာဖွေနေ

  • 18 ဩဂုတ် 2017
Image caption မော်ရိုကို နွယ်ဖွား မူဆာ အိုဘကီရာ

စပိန် နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသမှာ ၂၄ နာရီ အတွင်း ပေါ်ပေါက်ခဲ့တဲ့ တိုက်ခိုက်မှုတွေ ကြောင့် လောလောဆယ် အတည် ပြုထားနိုင်သမျှ သေဆုံးသူ ၁၄ ယောက် ရှိ သွား ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာမြို့လယ် ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်တွေနဲ့ စည်ကားစမြဲ ဖြစ်တဲ့ လာ့စ် ရမ်းဘလာ့စ် လမ်းပေါ်မှာ ဗင်ကားနဲ့ လူအုပ်ထဲ ဝင်မောင်းခဲ့သူဟာ အသက် ၁၈ နှစ် အရွယ် မူဆာ အိုဘကီရာ Moussa Oubakir ဖြစ်တယ်လို့ စပိန် ပြည်တွင်း မီဒီယာတွေက ရေးသား နေပါတယ်။

မော်ရိုကို နွယ်ဖွား ဖြစ်တဲ့ မူဆာ အိုဘကီရာ ဟာ အစ်ကို ဖြစ်သူရဲ့ စာရွက်စာတမ်း သက်သေ အထောက် အထားတွေကို အသုံးပြုပြီး အဲဒီ တိုက်ခိုက်ရာမှာ သုံးခဲ့တဲ့ ဗင်ကားကို ငှားရမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ စပိန် ရဲတွေက ယူဆ ထားပါတယ်။

အစ်ကို ဖြစ်သူကတော့ စပိန်ရဲတွေဆီ လာရောက် အဖမ်း ခံထားပါတယ်။

အခင်းဖြစ်ရာ နေရာမှာ လူတွေ ရှုပ်ထွေးနေလို့ သေနတ်နဲ့ ပစ်ခွင့် မရလိုက်ပဲ လွတ်မြောက် သွားတဲ့ မူဆာ အိုဘကီရာ ကိုတော့ စပိန် အာဏာပိုင်တွေ ပိုက်စိတ်တိုက် ရှာဖွေ နေကြဆဲ ဖြစ်သလို၊ အဲဒီသူဟာ အန္တရာယ် ရှိသူ ဖြစ်တယ် ဆိုပြီး အများပြည်သူကို သတိပေး နေပါတယ်။

ရမ်းဘလာ့စ် တိုက်ခိုက်မှုကြောင့် လူ ၁၄ ယောက် သေဆုံး ခဲ့ရပြီး တခြား လူ တော်တော် များများလည်း ဒဏ်ရာ ရခဲ့ပါတယ်။

အခုဆိုရင် သေဆုံးခဲ့သူတွေကို ရည်စူးလို့ ဘာစီလိုနာမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက် ခဲ့ကြပါတယ်။

ကာ့တာလူးညား ရင်ပြင်မှာ ထောင်ပေါင်းများ စုဝေး ခဲ့ကြသူတွေထဲ စပိန်ဘုရင်နဲ့ ဝန်ကြီးချုပ် ရက်ခွိုင်း ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဝင်တွေ ရှိနေခဲ့ကြပါတယ်။

ငြိမ်သက်ပွဲ အပြီးမှာတော့ စပိန်လူထုက ပြိုင်တူ လက်ခုပ်တွေ တီးပြီး "ငါတို့ မကြောက်ဘူး" လို့ သံပြိုင် ဟစ်ကြွေး ခဲ့ကြပါတယ်။

ဘာစီလိုနာ မြို့ခံ တစ်ယောက် ဖြစ်သူ တစ်ဦးကတော့ အဆိုးထဲက အကောင်း ၊ လူတွေကြား အင်မတန် စည်းလုံး ညီညွတ် သွေးစည်းမှု ပြသလာတာ တွေ့ရတယ် ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

ဘာစီလိုနာမြို့တော် အတိုက်အခိုက် ခံလိုက် ရတာဟာ အခု နောက်ပိုင်း ၁၃ လ အတွင်း ဥရောပ မြို့ကြီးတွေမှာ ဆက်တိုက် ဆိုသလို ကြုံတွေ့ နေရတဲ့ တိုက်ခိုက်မှုတွေထဲက နောက်ဆုံး ဖြစ်ရပ် တစ်ခုပါ။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာ ရခဲ့သူတွေကို ကြည့်ရင် နိုင်ငံပေါင်း ၃၄ နိုင်ငံက သူတွေ ပါဝင်တာ တွေ့ရပါတယ်။

ပြင်သစ်နဲ့ ဂျာမနီလို အိမ်နီးချင်း ဥရောပ နိုင်ငံတွေက သူတွေသာမက၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ တရုတ်က လာကြတဲ့ ဧည့်သည်တွေပါ ဒီ တိုက်ခိုက်မှု ဒဏ် ခံခဲ့ရတာပါ။

ဘာစီလိုနာ တိုက်ခိုက်မှုဖြစ်ပြီး နာရီအနည်းငယ်ပဲ ခြားလို့ ကမ်ဘရီးလ်စ် Cambrils ဆိုတဲ့ မြို့မှာလည်း မော်တော်ယာဉ်ကိုသုံး တိုက်ခိုက်မှု ပေါ်ပေါက် ခဲ့ပြီး ကျူးလွန်သူတွေလို့ သံသယ ရှိရသူ ၅ ယောက်ကို ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

ကမ်ဘရီးလ်စ် တိုက်ခိုက်မှုကြောင့် လူတစ်ယောက် သေဆုံး ခဲ့ပါတယ်။

ဘာစီလိုနာမြို့ တိုက်ခိုက်မှုကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က သူတို့ ပြုလုပ်တာ ဖြစ်တယ်လို့ ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ