ဖင်လန်က ဓါးထိုးမှု အကြမ်းဖက် တိုက်ခိုက်မှုဖြစ်

  • 19 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဓါးထိုးမှုဖြစ်ခဲ့တဲ့ နေရာမှာ ဝမ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့ မီးထွန်းညှိထားစဉ်

ဖင်လန်နိုင်ငံ အနောက်တောင်ပိုင်း တာကူမြို့မှာ ဖြစ်ပွားတဲ့ ဓါးထိုးမှုဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ဖင်လန်ရဲတပ်ဖွဲ့က ပြောပါတယ်။

သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ လမ်းသွားလမ်းလာတွေကို တိုက်ခိုက်တဲ့ ဓါးထိုးမှုမှာ ဖင်လန်နိုင်ငံသား ၂ ဦးသေဆုံးခဲ့ပြီး ဆွီဒင် လူမျိုး ၁ ဦးနဲ့ အီတလီ တဦးအပါအဝင် စုစုပေါင်း လူ ၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသက် ၁၈ အရွယ် မော်ရိုကို အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ပူတိုရီ ရင်ပြင်ကို အစောပိုင်းမှာတော့ ပိတ်ထားခဲ့ပြီး နာရီပိုင်းအကြာမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ကျူးလွန်တယ်လို့ သံသယရှိသူကို စစ်ဆေးခဲ့ပြီး ရရှိထားတဲ့ တခြား သတင်းအချက်အလက်တွေနဲ့ ပေါင်းလိုက်ရင် ဒီကိစ္စဟာ အကြမ်းဖက်မှုဖြစ်တယ်လို့ ပြောလို့ရနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စကင်ဒီနေးဗီးယန်း နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံဟာ ဘာသာရေးအစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု အတွေ့အကြုံ အရင်က လုံးဝ မရှိခဲ့တဲ့ တိုင်းပြည်ဖြစ်ပါတယ်။