ဘော်စတွန်မြို့မှာ လက်ျာစွန်း ဆန့်ကျင်ရေး သောင်းနဲ့ချီ ဆန္ဒပြ

  • 19 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လူ ၃ သောင်းလောက်ထိ ဘော်စတွန် ချီတက်ပွဲမှာ ပါဝင်

အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့ရဲ့ လမ်းတွေပေါ် လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်တဲ့ ချီတက်ပွဲတွေ ပြုလုပ် ခဲ့တာမှာ လူတွေ သောင်းနဲ့ချီ ပါဝင် ခဲ့ကြပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ် ဆိုတဲ့ ခေါင်းစဉ်အောက် လက်ျာစွန်းရောက်တွေ ပြုလုပ်တဲ့ အင်အားပြပွဲကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ချီတက် လှည့်လည်တာတွေ တန်ပြန် ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။

လူတွေ ၃ သောင်းလောက်ထိ ဘော်စတွန် ချီတက်ပွဲမှာ ပါဝင် ခဲ့တယ်လို့ မြို့ခံ သတင်း ဌာန ဖြစ်တဲ့ ဘော်စတွန် ဟာရိုးလ်က ပြောပါတယ်။

နာဇီ လူယုတ်တွေ ပါးစပ် ပိတ်ကြ၊ အမေရိကန် ဆိုတာ လူတွေ အားလုံး အတွက် ဆိုပြီး ဘော်စတွန် ဆန္ဒပြသမားတွေ ဟစ်ကြွေး ခဲ့ကြပါတယ်။

လူမျိုးရေး ခွဲခြားမှု၊ အမြင်ကျဉ်းမြောင်းမှုတွေကို နေရာပေးလို့ မဖြစ်ဘူး ဆိုပြီးတော့လည်း ဒီချီတက်ပွဲကို ဦးဆောင် ဆော်ဩခဲ့သူတွေက ပြောပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ပြုလုပ်တဲ့ လက်ျာစွန်းရောက်တွေရဲ့ အင်အားပြပွဲ ပြုလုပ်ဖို့ Boston Common ဆိုတဲ့ နေရာမှာ အာဏာပိုင်တွေက နေရာ သတ်မှတ် ပေးထား ခဲ့ပေမယ့်၊ ရောက်လာ ခဲ့သူတွေ နည်းပါးတာ တွေ့ရတယ် ဆိုပြီး အဲဒီမှာ ရှိနေခဲ့တဲ့ ဘီဘီစီ သတင်းထောက် Aleem Maqbool က ဆိုပါတယ်။

အဲဒီ နေရာကိုပဲ တန်ပြန် ဆန္ဒပြသူတွေ ဦးတည် ရောက်လာ ခဲ့တာ ဖြစ်ပြီး အခြေအနေဟာ တင်းမာ ခဲ့ပါတယ်။

လက်ျာစွန်းဝါဒီတွေကို ဆန့်ကျင်တဲ့သူတွေဟာ ဟယ်သာ ဟေယာ ဆိုတဲ့ အမျိုးသမီးရဲ့ မျက်နှာပုံ စတစ်ကာတွေကိုလည်း အင်္ကျီတွေ၊ ဘောင်းဘီတွေမှာ ကပ်ထားကြပါတယ်။

ဟယ်သာ ဟေယာ ဆိုတာ ပြီးခဲ့တဲ့ သီတင်းပတ် စနေနေ့တုန်းက ရှားလော့စ်ဗေးလ်မြို့မှာ အခုလိုပဲ လက်ျာစွန်းရောက်တွေကို တန်ပြန် ဆန္ဒပြကြတုန်း ကားနဲ့ လူအုပ်ထဲ ဝင်တိုက်တာ ခံရလို့ သေဆုံး သွား ခဲ့ရသူ ဖြစ်ပါတယ်။

အခု ဘော်စတွန်မြို့ အပြိုင် ဆန္ဒပြပွဲ နေ့မှာတော့ ရဲတွေ ရာနဲ့ချီပြီး အင်နဲ့အားနဲ့ ချထားတာ တွေ့ရသလို Boston Common စုရပ်မှာလည်း ကားနဲ့ ဝင်တိုက်တာမျိုး ထပ်မဖြစ်အောက် ကွန်ကရစ် တုံးကြီးတွေကို အတားအဆီး အဖြစ် ချထား ခဲ့ပါတယ်။

သမ္မတ ထရမ့်က ဘော်စတွန် ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံကို ချီးကျူး ခဲ့ပြီး ဆန္ဒပြသူတွေထဲ အုံကြွအောင် လှုံ့ဆော်သူတွေ ရှိတယ်လို့ ဝေဖန်ပါတယ်။ ဘယ် အုပ်စုကို ဝေဖန်တာလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

အခု ဘော်စတွန်မြို့ အပြိုင် အင်အားပြပွဲ နေ့မှာ ရန်လို အကြမ်းဖက်တဲ့ ပုံစံမျိုး ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် တစ်ဘက်နဲ့ တစ်ဘက် အော်ဟစ်တာတွေ ရေသန့်ဗူးနဲ့ ပစ်တာမျိုးတွေတော့ ရှိခဲ့ပြီး၊ စုစုပေါင်း လူ၂ဝ လောက်ကို ရဲက ဖမ်းဆီး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ