IS ရဲ့ တဲလ်အာဖာကို အီရတ်တပ်တွေ မြေပြင်စစ်ဆင်နွှဲ

  • 20 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဇူလိုင်လထဲ မိုဆူးလ်မြို့ကို သိမ်းပိုက်နိုင်ပြီးနောက် တဲလ်အာဖာကို ထပ်မံ သိမ်းပိုက်နိုင်ဖို့ အီရတ်တပ်တွေ ဦးတည်

အီရတ် အစိုးရတပ်တွေဟာ အစ္စလာမ်မစ်နိုင်ငံအဖွဲ့ အိုင်အက်စ် (IS) ထိန်းချုပ်ထားတဲ့ နောက်ဆုံး မြို့တွေထဲက တခုဖြစ်တဲ့ တဲလ်အာဖာကို ပြန်လည် ရယူနိုင်ဖို့ အတွက် မြေပြင်စစ်ပွဲ စတင်နေပြီလို့ အစိုးရ တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။

စစ်ပွဲ စတင်ကြောင်း ရုပ်သံက ကြေညာတဲ့ မိန့်ခွန်းမှာ ဂျီဟဒ်ဝါဒီတွေ အနေနဲ့ လက်နက်မချရင် သေပွဲဝင်ရမယ်လို့ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ပြောပါတယ်။

အရှေ့ဘက်ခြမ်း ၃၅ မိုင် အကွာက အိုင်းဇက်အဖွဲ့ရဲ့ အမာခံ စခန်းဖြစ်တဲ့ မိုဆူးလ်မြို့ကို ဇူလိုင်လတုန်းက သိမ်းပိုက်နိုင်ပြီး နောက်ပိုင်းမှာ အီရတ်တပ်တွေဟာ တဲလ်အာဖာကို ပစ်မှတ်ထားလာတာပါ။

ရှီယာမွတ်ဆလင်တွေ အများစုနေထိုင်တဲ့ တဲလ်အာဖာဟာ ၂၀၁၄ ခုနှစ်ကတည်းက အိုင်အက်စ် လက်ထဲ ကျရောက်နေခဲ့ပါတယ်။ မိုဆူးလ်မြို့ကနေ ဆီးရီးယား နယ်စပ်ကို သွားတဲ့ အဓိက လမ်းမပေါ် ရှိနေတဲ့ အဲဒီမြို့ဟာ ဂျီဟဒ်ဝါဒီအဖွဲ့ရဲ့ အရေးကြီးတဲ့ ထောက်ပံ့ရေးလမ်းကြောင်းလည်း ဖြစ်ခဲ့ပါတယ်။

အခု မြေပြင်စစ်ပွဲ မစတင်မီ ရက်အတန်ကြာကတည်းက အီရတ် စစ်လေယာဉ်တွေဟာ တဲလ်အာဖာဖြို့ကို ဝေဟင်ကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ အမည်းရောင် စစ်ဝတ်စုံ ဝတ်ထားတဲ့ သမ္မတ အဘာဒီက အီရတ်အလံနဲ့ မြေပုံရှေ့မှာ ရပ်ပြီး တဲလ်အာဖာ လွတ်မြောက်ရေး စစ်ပွဲ စတင်ကြောင်း ကြေညာလိုက်ပါတယ်။ သမ္မတရဲ့ ကြေညာချက် မထုတ်ပြန်မီ နာရီပိုင်းအလိုမှာ တဲလ်အာဖာမြို့နေလူထုကို သတိပေးထားတဲ့ စာရွက်တွေကိုလည်း အီရတ်လေတပ်က ကြဲချခဲ့ပါတယ်။

အဲဒီ စာရွက်တွေမှာ စစ်ပွဲက စတော့မယ်၊ အောင်ပွဲခံဖို့ လာနေပြီ၊ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲ လို့ ရေးထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အိုင်အက်စ်တွေလက်ထဲ ၃ နှစ် ကျရောက်ခဲ့တဲ့ မိုဆူးလ်မြို့ ကို ၉ လ ကြာအောင် ပြန်တိုက်ယူခဲ့ရ

တဲလ်အာဖာမြို့က အိုင်အက်စ်အဖွဲ့တွေဟာ လေကြောင်းတိုက်ခိုက်မှု ဒဏ် ရက်ဆက်ခံခဲ့ရတာနဲ့ စားနယ်ရိက္ခာ ထောက်ပံ့မှု အသစ်တွေ မရတော့တာကြောင့် အင်အားနည်းနေပေမယ့် အခု စစ်ပွဲမှာ ပြင်းပြင်းထန်ထန် ပြန်လှန်ခုခံမယ့်သဘော ရှိတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

တဲလ်အာဖာမှာ စစ်သွေးကြွ ၁,၅၀ဝ ကနေ ၂,ဝ၀ဝ ကြားနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ရှိနေတယ်လို့ အဲဒီမှာ မြို့တော်ဝန်လုပ်ခဲ့ဖူးတဲ့ အကြီးတန်း စစ်တပ်အရာရှိ ဗိုလ်ချုပ်ကြီး အဲလ်ဂျဘူရီက အရင်လတုန်းက ပြောဖူးပါတယ်။ ဂျီဟဒ်ဝါဒီတွေဟာ စစ်ပန်းပြီး စိတ်ဓာတ်ကျနေလို့ မိုဆူးလ်တုန်းကလို ပြင်းပြင်းထန်ထန် တိုက်ရဖွယ် မရှိဘူးလို့လည်း သူက ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မိုဆူးလ် စစ်ပွဲတုန်းက အရပ်သား ၈၀ဝ,ဝ၀ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ

မိုဆူးလ် စစ်ပွဲတုန်းကတော့ ၉ လ နီးပါးကြာခဲ့ပြီး အီရတ်အစိုးရတပ်တွေ ထိခိုက်အကျအဆုံး များပြားခဲ့ပါတယ်။

တဲလ်အာဖာ အပြင် အရှေ့တောင်ပိုင်း ၁၀၅ မိုင် အကွာက ဟာဝီရာနဲ့ တောင်ပိုင်း မိုင် ၁၃၀ အကွာ ယူဖရေးစီး မြစ်ဝှမ်း တောင်ကြားက အဲလ်ကိုင်းမ်ဒေသတွေဟာလည်း အိုင်အက်စ်အဖွဲ့ရဲ့ ထိန်းချုပ်မှု လက်အောက်မှာ ကျန်ရှိနေပါတယ်။

ဘီဘီစီ တဝန်း