ဂျပန် ကို ကြဲဖို့ နျူကလီးယား ဗုံး သယ်ခဲ့တဲ့ သင်္ဘောတွေ့ပြီ

  • 20 ဩဂုတ် 2017

ဒုတိယ ကမ္ဘာစစ် အတွင်းက နစ်မြှုပ် ပျောက်ဆုံးနေတဲ့ အမေရိကန် စစ်သင်္ဘော ယူအက်စ်အက်စ် အင်ဒီယာနာပိုလစ် ဆိုတဲ့ သင်္ဘောကို အခု ၇၂ နှစ်အကြာမှာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။

ဒီစစ်သင်္ဘောကြီး ကို ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန် ရေငုပ် သင်္ဘော ကနေ ဂူအမ်နဲ့ လေတေ ကျွန်း ကြားက ဖိလစ်ပိုင် ပင်လယ်ပြင်မှာ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ နှစ်မြှုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပင်လယ် ရေမျက်နှာပြင် အောက် ပေ ၁ သောင်း ၈ ထောင် ကြမ်းပြင်မှာ တွေ့ရှိခဲ့

အခု ဒီစစ်သင်္ဘောကြီးကို ပင်လယ် ရေမျက်နှာပြင် အောက် ပေ ၁ သောင်း ၈ ထောင် ကြမ်းပြင်မှာ တွေ့ရှိခဲ့တာပါ။

ဒုတိယ ကမ္ဘာစစ် အတွင်းက ဒီ စစ်သင်္ဘောကြီးဟာ ဂျပန်နိုင်ငံ ဟီရိုရှီမားကို ကြဲချမယ့် နျူကလီးယား ဗုံး အစိတ်အပိုင်းတွေ တိတ်တဆိတ် ပို့ဆောင်ပေးခဲ့တာ ဖြစ် ပါတယ်။ အဲဒီလို ပို့ဆောင်ပြီး အပြန်လမ်းမှာ ဂျပန်က ဖျက်ဆီး ပစ်လိုက်တာ ပါ။

စစ်သင်္ဘောပေါ်ပါ ရေတပ် တပ်ဖွဲ့ဝင်နဲ့ လူပေါင်း ၁၁၉၆ အနက် ၃၁၆ ဉီးကိုပဲ ပြန်လည် ကယ်တင်နိုင်ခဲ့ပြီး၊ ကျန်တဲ့သူ အားလုံး သေဆုံးသွားခဲ့ရတာပါ။ ဒါဟာ အမေရိကန် ရေတပ် သမိုင်းမှာ အကြီးမားဆုံး အသက်ဆုံးရှုံး ရမှု ဖြစ်ပါတယ်။

ဒီစစ်သင်္ဘော ကြီး ပြန်လည် ရှာဖွေမှုကို ကမ္ဘာကျော် နည်းပညာကုမ္ပဏီ မိုက်ခရိုဆော့ဗ်ကို ပူးတွဲ တည်ထောင်သူ ပေါ် အလန်က ဉီးဆောင်ပြီး အရပ်ဖက် အဖွဲ့ တဖွဲ့ကနေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

စစ်သင်္ဘော နစ်မြုပ်တုန်းက တပ်ဖွဲ့ဝင် ၈၀၀ ကနေ ၉၀၀ လောက် ရေထဲခုန်ချ လွတ်မြောက် ခဲ့ပေမယ့်။။ နောက် ၄ ရက်အကြာမှ သူတို့ကို ကယ်တင်နိုင်ခဲ့တာပါ။ ဒါပေမယ့် လည်း ငါးမန်းတွေ ပေါများလှတဲ့ ဒီပင်လယ်ပြင် ကနေ လူ ၃၁၆ ယောက်သာ အသက်ရှင် ကယ်နိုင်ခဲ့ပါတယ်။

စစ်သင်္ဘော ကနေ အရေးပေါ် ကူညီရေး အချက်ပေး သတင်းပို့တာမျိုး အဲဓီတုန်းက မရှိခဲ့ပါဘူး။

အဲဒီတုန်း က အသက် မသေဘဲ လွတ်မြောက်ခဲ့သူ အမေရိကန် ရေတပ်က လီယို ဒန် ကော့စ် ကတော့ ၁၂ မိနစ် အတွင်းမှာကို ဒီ ၆၁၀ ပေရှည်တဲ့ စစ်သင်္ဘော ကြီးဟာ အလျင် အမြန် နှစ်မြုပ် သွားခဲ့တာလို့ ပြောပါတယ်။

စစ်သင်္ဘော ပေါ်ကနေ အရေးပေါ် အချက်ပေး အကူအညီ တောင်းတာမျိုးလည်း မရရှိခဲ့တဲ့ အတွက် စစ်သင်္ဘော တည်နေရာကို သိနိုင်ဖို့ရာ ပဟေဠိ ဖြစ်နေခဲ့ရတာပါ။

မစ္စတာ ပေါအလန်တို့ ရှာတဲ့ အဖွဲ့ဟာ ရေတပ် သမိုင်းပညာရှင် တဉီးရဲ့ သုတသန ပြုချက် အသစ်ကို ကိုးကားပြီး ရှာဖွေရာမှာ ဒီစစ်သင်္ဘော ကြီးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပညာရှင်က စစ်သင်္ဘော မနစ်မြုပ်ခင် တရက်က တည်နေရာကို ညွှန်ပြခဲ့တာ ဖြစ်ပါတယ်။

စစ်သင်္ဘော တွေ့တဲ့ အချိန်မှာတော့ မစ္စတာ အလန်က ဒီစစ်သင်္ဘော ကြီးပေါ်မှာ ပါတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရဲစွမ်းသတိ ရှိရှီနဲ့ သက်စွန့်ကျိုးပမ်းမှုတွေကို ချီးကျူးဂုဏ်ပြုဖို့ အမေရိကန် တွေ အားလုံး တာဝန်ရှိတယ်လို့ ပြောကြားပါတယ်။

အဲဒီ့ စစ်သင်္ဘောဟာ ဂူအမ်ကျွန်းအနီးက တီနီယမ် ကျွန်းဆီကို နျူးကလီးယားဗုံး အစိတ်အပိုင်းတွေ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျွန်းကနေပဲ ဂျပန်ကို အနူမြူဗုံး ကျဲချခဲ့တာ လည်း ဖြစ်ပါတယ်။

ဗုံးပစ္စည်းတွေ ပို့ဆောင်ခဲ့ပြီး နောက် ၄ ရက်အကြာ၊ ဟီရိုရှီးမားကို နျူကလီးယားဗုံး မကျဲခင် ၁ ပတ်တောင် မလိုတော့တဲ့ အချိန် မှာပဲ စစ်သင်္ဘော ကြီး နစ်မြှုပ်ခဲ့တာပါ။

နာဂါစာကီ ကို ဗုံးကျဲပြီးတဲ့ နောက်မှာတော့ ဂျပန်တို့လည်း လက်နက်ချပြီး ဒုတိယ ကမ္ဘာစစ် အဆုံးသတ်သွားခဲ့ တာဖြစ်တာကြောင့်အခု ပြန်လည်တွေ့ရှိပြီ ဖြစ်တဲ့ ဒီ uss အင်ဒီယာနာ ပိုလစ် စစ်သင်္ဘောဟာ သမိုင်းမှာ အင်မတန်မှ အရေးပါတဲ့ စစ်သင်္ဘော တစ်စီး ဖြစ်ပါတယ်။