အမေရိကန်ဖျက်သင်္ဘော ဆီတင်သင်္ဘောနဲ့ တိုက်

  • 21 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ယူအက်စ်အက်စ် မက်ကိန်း သင်္ဘောဟာ စင်ကာပူ ဆိပ်ကမ်းဆီ ဦးတည်နေတုန်းမှာ ဆီတင်သင်္ဘောနဲ့ တိုက်မိ

အမေရိကန် ဖျက်သင်္ဘော တစင်းနဲ့ ဆီတင်သင်္ဘော တစင်း စင်ကာပူ ကမ်းခြေမှာ တိုက်မိပြီး သင်္ဘောသား ၁၀ ယောက် ပျောက်ဆုံးနေကာ၊ ၅ ယောက် ဒဏ်ရာ ရရှိသွားတယ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။

စင်ကာပူ အရှေ့ဘက်ကမ်းခြေမှာ ခုတ်မောင်းနေတဲ့ ယူအက်စ်အက်စ် မက်ကိန်း သင်္ဘောဟာ ပုံမှန်ရပ်နားနေကျ အတိုင်း ဆိပ်ကမ်းကို ကပ်ဖို့ ပြင်ဆင်နေတုန်း လိုက်ဘေးရီးယန်း အလံတင်ဆင်ထားတဲ့ သင်္ဘောနဲ့ ဒေသစံတော်ချိန် မနက် ၅ နာရီ ၂၄ မိနစ်မှာ တိုက်မိခဲ့တာပါ။

ပျောက်ဆုံးနေသူတွေကို နေရာကျယ်ကျယ်ပြန့်ပြန့်မှာ ဖြန့်ကျက် ရှာဖွေနေပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အမေရိကန် စစ်ရဟတ်ယာဉ်တွေနဲ့ အတူ စင်ကာပူရေတပ်နဲ့ ကမ်းခြေစောင့်တပ်တွေ ဆောင်ရွက်နေကြကာ မလေးရှားနိုင်ငံဘက်ကလည်း ပါဝင် ကူညီကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရေတပ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖျက်သင်္ဘောဟာ စင်ကာပူ ချန်ဂီ ရေတပ်စခန်းကို ဆိုက်ရောက်ပြီဆို

ကနဦးပိုင်း သတင်းတွေ အရ အမေရိကန်စစ်သင်္ဘောရဲ့ ဆိပ်ကမ်းဘက်ခြမ်းမှာ ကြီးကြီးမားမား ထိခိုက်ပျက်စီးတာ ရှိတယ်လို့ သိရပေမယ့် အမေရိကန်ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ သူတို့ သင်္ဘောဟာ ကိုယ်ပိုင် စက်အား အပြည့်နဲ့ စင်ကာပူ ဆိပ်ကမ်းဆီ ဦးတည် ခုတ်မောင်း သွားခဲ့တယ် ဆိုပါတယ်။

တိုက်မိတဲ့ အဲလ်နစ် အမ်စီ အမည်နဲ့ ဆီတင်သင်္ဘောက ကုန်မပါ တန်ချိန် ၃၀,ဝ၀ဝ ရှိပြီး ယူအက်စ်အက်စ်မက်ကိန်းထက် ၃ ဆ ပိုကြီးပါတယ်။

အခုနောက်ဆုံး သိရသမျှ ဆီတင်သင်္ဘောက သင်္ဘောသားတွေ ထိခိုက်ဒဏ်ရာ မရခဲ့သလို ဆီယိုဖိတ်တာလည်း မဖြစ်ခဲ့ပါဘူး။

Image caption စင်ကာပူ ရေပြင်ဟာ ကမ္ဘာ့ ကုန်သွယ်ရေကြောင်း သွားလာမှု အများဆုံးထဲက တခု ဖြစ်

အခင်းဖြစ်ပွားခဲ့တဲ့ စင်ကာပူ ရေပြင်ဟာ ကမ္ဘာပေါ်မှာ ရေကြောင်း ခရီးသွားလာတာ အများဆုံး လမ်းကြောင်းတွေထဲမှာ ပါဝင်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးမှာ ကုန်ပစ္စည်းနဲ့ ဆီ အများအပြား သယ်ဆောင်ရာ ရေလမ်းကြောင်း အဖြစ် ကျော်ကြားပါတယ်။ မလက်ကာ ရေလက်ကြားဟာလည်း ကမ္ဘာ့ ဗျူဟာ အမြောက်ဆုံး ရေလမ်းကြောင်းထဲက တခု ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Twitter: John McCain
Image caption ဆီးနိတ်အမတ် ဂျွန်မက်ကိန်းရဲ့ တွစ်တာက ဆုတောင်း စကား

ဒီသင်္ဘော တိုက်မှု အတွက် အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက သူ့ရဲ့ အွန်လိုင်းလူမှုကွန်ရက် တွစ်တာမှာ ဆုတောင်းစကား ဆိုခဲ့ပါတယ်။ ယူအက်စ်အက်စ် မက်ကိန်း သင်္ဘော အမည်က အမေရိကန် ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ရဲ့ ဖခင်နဲ့ အဘိုး တို့ကို ဂုဏ်ပြုပြီး မှည့်ခေါ်ထားတာပါ။

အခုလပိုင်းအတွင်း အမေရိကန် ရေတပ်သင်္ဘောတွေ ပြင်းထန်တဲ့ မတော်တဆ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဒါနဲ့ပါဆိုရင် ၂ ကြိမ် ရှိပါပြီ။ ဇွန်လတုန်းကလည်း ဂျပန်ရေပိုင်နက် ယိုကိုဆူကဆိမ်ကမ်းမြို့နားမှာ ယူအက်စ်အက်စ် ဖစ်ဇ်ဂျရဲလ်က ကုန်တင်သင်္ဘောနဲ့ တိုက်မိလို့ အမေရိကန် သင်္ဘောသား ၇ ယောက် သေဆုံးခဲ့ပါတယ်။

ဘီဘီစီ တဝန်း