အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်

  • 21 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဆိုးလ်က အမေရိကန်သံရုံးရှေ့ စစ်ရေးလေ့ကျင့်တာတွေ ရပ်ဖို့ တောင်းဆိုနေကြ

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံဟာ မြောက်ကိုရီးယားကို စိတ်ဆိုးဒေါသ ထွက်စေမယ့် နှစ်စဉ် ကျင်းပနေကျ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။

ဒီလို စစ်ရေးလေ့ကျင့်တာတွေကို ပြုံယမ်းအစိုးရက အစဉ်တစိုက် ကန့်ကွက်လာခဲ့တာပါ။ ဝါရှန်တန်အစိုးရက ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ခုခံ ကာကွယ်ရေး အတွက် သက်သက်ပဲလို့ ဆိုပေမယ့် မြောက်ကိုရီးယားကတော့ ဒါဟာ သူတို့ကို ကျူးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလို့ ရှုမြင်ပါတယ်။

စစ်ရေးလေ့ကျင့်တာတွေက မီးပုံကို ဓာတ်ဆီနဲ့ လောင်းသလိုပဲလို့ မြောက်ကိုရီးဘက်က ပြစ်တင်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ ခြိမ်းခြောက်တာတွေ ရှိခဲ့လို့ ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတွေ တင်းမာနေခဲ့တာပါ။ ဒါပေမယ့် အရင်အပတ်ထဲမှာပဲ မြောက်ကိုရီးယားက အမေရိကန်ပိုင် ဂူအမ်ကျွန်းဆီ ဦးတည်ပြီး ဒုံးကျည် ပစ်လွှတ်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားမယ် ဆိုထားလို့ တင်းမာမှု အရှိန်အဟုန်ကကျသွားခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေမယ် ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီနှစ် အစောပိုင်းက Foal Eagle စစ်ရေးလေ့ကျင့်မှုမှာ ကမ်းခြေသိမ်း စစ်ပွဲ လေ့ကျင့်နေမှု မြင်ကွင်း

ဇူလိုင်လတုန်းက စီစဉ်ခဲ့တဲ့ တရုတ်နဲ့ ရုရှရဲ့ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကိုတော့ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်တာတွေ ရပ်တန့်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပယ်ဖျက်ပေးခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်စစ်ဦးစီးချုပ် ဂျိုးဆက်ကတော့ အမေရိကန်အနေနဲ့ စစ်ရေးလေ့ကျင့်တာတွေကို မြောက်ကိုရီးယားနဲ့ ဆွေးနွေးတဲ့ ဘယ်လို အဆင့်မျိုးမှာမှ အပေးအယူ လုပ်မှာ မဟုတ်ဘူးလို့ ဆိုထားပြီး Ulchi-Freedom Guardian (UFG) အမည်နဲ့ စစ်ရေးလေ့ကျင့်မှုတွေကို စီစဉ်ထားတဲ့ အတိုင်း ဆက်လုပ်မယ့်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်တဲ့ တောင်ကိုရီးယား အတိုက်အခံ ရဲ့ ဆန္ဒပြပွဲတွေ အခု သီတင်းပတ်ထဲမှာ ဖြစ်ပွား

အခု စစ်ရေးလေ့ကျင်မှုက ၁၀ ရက်ကြာမှာ ဖြစ်ပြီး အမေရိကန်တပ်သား ၁၇,၅၀ဝ ပါဝင်ကာ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံ စစ်ရေးပြမှုတွေ အပြင် ကွန်ပျူတာနဲ့ စမ်းသပ် စစ်ရေးပြင်ဆင်တာတွေလည်း လုပ်မယ်လို့ အမေရိကန်က ပြောပါတယ်။

ဂူအမ်အပေါ် ဒုံးကျည်နဲ့ ခြိမ်းခြောက်ခဲ့မှု အပါအဝင် ဒုံးကျည်စမ်းသပ်တာတွေ အဆက်မပြတ် လုပ်နေတဲ့ မြောက်ကိုရီးယားနဲ့ အထိမခံ ဖြစ်နေတဲ့ စိုးရိမ်ဖွယ် အခြေအနေမှာ အခု ပြုလုပ်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုကို ရန်လိုမှု အဖြစ် မြောက်ကိုရီးယားက တုံ့ပြန်ဖွယ်ရှိတယ်လို့ ကိုရီးယားအရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

၂၀၁၅ ခုနှစ် UFG စစ်ရေးလေ့ကျင့်မှုတုန်းကတော့ မြောက်ကိုရီးယားနဲ့ အခြေအနေတွေ အတော် တင်းမာသွားခဲ့ပြီး တောင်ကိုရီးယားနဲ့မြောက်ကိုရီးယား နယ်စပ်မှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာတွေ အထိ ဖြစ်ခဲ့ဖူးပါတယ်။

မြောက်ကိုရီးယား အစိုးရ သတင်းစာ ရိုဒွန်းရှင်းမွန်းရဲ့ တနင်္ဂနွေထုတ် အယ်ဒီတာ့ အာဘော် ကဏ္ဍမှာ ဒီ စစ်ရေးလေ့ကျင့်မှုက ကိုရီးယားကျွန်းဆွယ်ရဲ့ အခြေအနေကို ဆိုးရွားသွားစေပြီး ထိန်းချုပ်လို့ မရတဲ့ နျူကလီးယားစစ်ပွဲ တခု အတွက် သတိပေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မနှစ်က UFG လေ့ကျင့်မှုမှာ ဆိုးလ်မြေအောက်ရထား ဓာတုလက်နက် တိုက်ခိုက်ခံရမှုအတွက် ပြင်ဆင်လေ့ကျင့်ခဲ့

အမေရိကန်နဲ့ တောင်ကိုရီးယားဟာ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ၂ ကြိမ် ပြုလုပ်လေ့ရှိပါတယ်။ Foal Eagle/Key Resolve အမည်နဲ့ စစ်ရေးလေ့ကျင်မှုကို နွေဦးပေါက်မှာ ပြုလုပ်လေ့ရှိပြီး Ulchi-Freedom Guardian အမည်နဲ့ စစ်ရေးလေ့ကျင့်မှုကိုတော့ ဆောင်းဦးပေါက် ကာလ အခုလို အချိန်မှာ ပြုလုပ်လေ့ရှိပါတယ်။

ဒီလေ့ကျင့်မှုတွေမှာ တောင်ကိုရီးယားဘက်က စစ်သား ၅၀,ဝ၀ဝ ပါဝင်လေ့ရှိပြီး အမေရိကန်ဘက်ကတော့ တပ်သား ၂၅၀ဝ၀ ကနေ ၃၀ဝ၀ဝ ကြား စေလွှတ်လေ့ရှိပါတယ်။ ဒါ့အပြင် အခြား မဟာမိတ် နိုင်ငံတွေက တပ်ဖွဲ့တွေလည်း ပါဝင်လေ့ရှိပြီး မနှစ်က UFG စစ်ရေးလေ့ကျင့်မှုမှာ အခြား နိုင်ငံ ၉ နိုင်ငံက ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

ဘီဘီစီ တဝန်း