ဖောက်ခွဲရေးခါးပတ် ချွတ်ဖို့အမိန့် ဖီဆန်တာကြောင့် အသေပစ်ခတ်ခဲ့

  • 21 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် CATALAN POLICE/EL PAIS
Image caption အဘူယာကုဘ် လက်ချက်နဲ့ လူ ၁၄ ယောက် သေဆုံး

ဘာစီလိုနာမြို့မှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့သူ အဖြစ် ယူဆ ထားတဲ့ ယူနက်စ် အဘူယာကုဘ်ကို သေနတ်နဲ့ အသေ ပစ်သတ်ခဲ့တယ်လို့ စပိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တိုက်ခိုက်မှု ကျူးလွန်ခဲ့ပြီး ထွက်ပြေးနေသူကို ၄ ရက် အကြာမှာ အခုလို အသေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာမြို့ရဲ့ အနောက်ဘက် ဆူဘီရတ်စ် ဆိုတဲ့ အရပ်မှာ ရှိတဲ့ ကျေးရွာမှာ အဘူယာကုဘ်ကို တွေ့ရှိ ခဲ့ရတာ ဖြစ်ပြီး ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင် ထားတဲ့ ခါးပတ်မျိုး ဝတ်ဆင် ထားတယ်လို့ ဆိုပါတယ်။

စပျစ်ခြံထဲ ဝင်ပြီး ထွက်ပြေးခဲ့တဲ့ အဘူယာကုဘ်ကို သူပတ်ထားတဲ့ သံသယ ရှိဖွယ် ခါးပတ်ကို ချွတ်ခိုင်း ခဲ့ပေမယ့် ငြင်းဆန် နေခဲ့ပြီး အဆုံးမှာ အသေ ပစ်ခတ် ခဲ့ရတာ ဖြစ်တယ်လို့ စပိန် ရဲတပ်ဖွဲ့က ပြောပါတယ်။

တခါ၊ အဘူယာကုဘ် အပါအဝင် လူငယ်တွေကို အကြမ်းဖက် ဝါဒထဲ ဆွဲသွင်းခဲ့တဲ့ ဘာသာရေး ဆရာလည်း ဗုဒ္ဓဟူးနေ့တုန်းက အယ်လ်ကနား အရပ်က နေအိမ် ပေါက်ကွဲမှု အတွင်း သေဆုံး သူ နှစ်ယောက်ထဲက တစ်ယောက် ဖြစ်တယ်လို့ အတည်ပြု နိုင်ပါတယ်။

ဒါ့ကြောင့် အဘူယာကုဘ် ပါဝင်တဲ့ အကြမ်းဖက် ဆဲလ် အဖွဲ့ဝင် ၁၂ ယောက် အနက် ကင်မ်ဘရီးလ်စ်မှာ ရဲက ပစ်သတ်ခဲ့တဲ့ ၅ ယောက်နဲ့ ဆိုရင် သေဆုံးသူ ၈ ယောက် ရှိပြီး၊ ၄ ယောက်ကို အရှင် ဖမ်းဆီး မိထားပါတယ်။

ဘာစီလိုနာမြို့မှာ အဘူယာကုဘ်က ကားနဲ့ တိုက်သတ်လို့ လူ ၁၃ ယောက် သေဆုံး ခဲ့ရသလို၊ သူထွက်ပြေးတဲ့ အခါမှာလည်း ကားတစ်စင်းပေါ်က သူတစ်ဦးကို ဓားနဲ့ အသေထိုးသတ်ပြီး အဲဒီကားကို ခိုးယူ မောင်းပြေး ခဲ့တာကြောင့် သူ့လက်ချက်နဲ့ လူ ၁၄ ယောက် သေဆုံး ခဲ့ပါတယ်။

ကင်မ်ဘရီးလ်စ် တိုက်ခိုက်မှုမှာလည်း လူ တစ်ယောက် သေဆုံး ခဲ့ရတာကြောင့် စပိန် တိုက်ခိုက်မှုတွေ အတွင်း စုစုပေါင်း သေဆုံးသူ အရေအတွက် ၁၅ ယောက် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ