အမေရိကန် တလွှားက ပြည်သူတွေ နေကြတ်တာကို စောင့်ကြည့်ခဲ့

  • 21 ဩဂုတ် 2017
Image caption စုစုပေါင်း တစ်နာရီခွဲ ဝန်းကျင် ကြာမြင့်

အမေရိကန်ပြည်ထောင်စုမှာ အနှစ်တစ်ရာနီးပါး အတွင်း ပထဆုံးအကြိမ် ကြုံတောင့်ကြုံခဲ အလုံးစုံ နေကြတ်တဲ့ ဖြစ်ရပ်ကို နိုင်ငံတလွှားက သန်းနဲ့ချီတဲ့ ပြည်သူတွေ စောင့်ကြည့် ခဲ့ကြပါတယ်။

အနောက်ဘက် အော်ရီဂွန် ပြည်နယ်ကနေ အရှေ့ဘက် တောင်ကာရိုးလိုင်းနား ပြည်နယ်ထိ အမေရိကန် တလွှားမှာ လရဲ့ အရိပ် နေပေါ်ကို ကျရောက်တဲ့ အဲဒီ ဖြစ်စဉ်ကို တွေ့ခဲ့ ကြရပြီး၊ စုစုပေါင်း တစ်နာရီခွဲ ဝန်းကျင် ကြာမြင့် ခဲ့ပါတယ်။

Image caption အိမ်ဖြူတော်ကနေ နေကြတ်တာကို ကြည့်ကြသူတွေ

ဝါရှင်တန် ဒီစီ မြို့တော်မှာလည်း နေတစ်စိတ်တစ်ပိုင်း ကြတ်နေခဲ့တာကို သမ္မတ ထရမ့်နဲ့ ဇနီးသည် မလာနီယာတို့ လည်း အိမ်ဖြူတော်ကနေ ကြည့်နေ ခဲ့ကြပါတယ်။

ဒီ နေအလုံးစုံကြတ်တဲ့ ဖြစ်စဉ်အတွင်း ကိုရိုနာလို့ ခေါ်တဲ့ နေရဲ့ အပြင်ဘက် အကျဆုံး အလွှာကို လေ့လာဖို့ အခွင့်အရေးကို သိပ္ပံ ပညာရှင်တွေ မျှော်လင့် ခဲ့ကြပါတယ်။

Image caption နေရဲ့ အပြင်ဘက် အကျဆုံး အလွှာကို လေ့လာဖို့ အခွင့်အရေးရလာ

နေလုံးကြီးထက်ကို ပို ပူပြင်းအောင် လောင်ကျွမ်းနေတဲ့ အဲဒီ ကိုရိုနာ အလွှာ အကြောင်း လူတွေ နားမလည်နိုင် ဖြစ်နေဆဲပါ။

အခုလို နေအလုံးစုံ ကြတ်မယ့် နောက်တစ်ကြိမ်ကတော့ ၂ဝ၁၉ ခုနှစ် ဂျူလိုင်လ ၂ ရက် နေ့မှာမှ ဖြစ်ပြီး၊ အဲဒီ တစ်ကြိမ်မှာတော့ ပစိဖိတ် တောင်ပိုင်း ဒေသ၊ ချီလီနဲ့ အာဂျင်တီးနား နိုင်ငံ တွေကနေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။