အာဖဂန်မှာ အမေရိကန်တပ်တွေ ဆက်ရှိမယ်

  • 22 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အာဖဂန်စစ်မြေပြင်မှာ ဒဏ်ရာရခဲ့သူ တပ်ကြပ်ကြီး အဲလ်ဗာရိုဘာရီရန်တို့စ်ကို ဆုတံဆိပ်ချီးမြှင့်တဲ့ အခမ်းအနားတခုမှာ တွေ့မြင်ရတဲ့ သမ္မတ ထရမ့်

အာဖဂန်နစ္စတန်နိုင်ငံထဲက အမေရိကန်တပ်တွေကို အလျင်စလို ရုပ်သိမ်းလိုက်ရင် အကြမ်းဖက်သမားတွေ အဲဒီမှာ ပိုလို့ နေရာယူသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

ဗာဂျီးနီးယားပြည်နယ် အာလင်တန်က ဖို့ဒ်မိုင်ယာ စစ်စခန်းမှာ သြဂုတ် ၂၁ ရက်နေ့က ပြောခဲ့တဲ့ သမ္မတ မိန့်ခွန်းထဲ အာဖဂန်နစ္စတန် ဆိုင်ရာ အမေရိကန်မူဝါဒနဲ့ ပတ်သက်ပြီး အခုလို ထည့်သွင်းဆိုခဲ့တာပါ။

သူ့ရဲ့ မူလ ဗီဇ သဘောအရတော့ အမေရိကန် တပ်တွေကို အာဖဂန်မြေကနေ ဖယ်ရှားဖို့ ဖြစ်ပေမယ့် အီရတ်မှာ ကြုံတွေ့ခဲ့ရတဲ့ အမှားမျိုး နောက်ထပ် မဖြစ်ရအောင် အာဖဂန်မှာ အမေရိကန် တပ်တွေ ဆက်ထားပြီး အနိုင်ရတဲ့ အထိ အဲဒီက အစွန်းရောက် စစ်သွေးကြွတွေကို ဆက်တိုက်သွားမယ်လို့ မစ္စတာထရမ့်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခုလပိုင်းတွေထဲ အာဖရန်မြို့တော် ကာဘူးလ်မှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်နေ

အချိန်ကာလ တခု သတ်မှတ်ပြီး အမေရိကန်တပ်တွေ ဆုတ်ခွာမယ့် နည်းလမ်းကနေ မြေပြင် အခြေအနေကို ကြည့်ပြီး ချဉ်းကပ်မယ့် နည်းဗျူဟာ ပြောင်းလဲမှာ ဖြစ်သလို ဘယ်အချိန် နောက်ဆုံးထားပြီး အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းမယ်ဆိုပြီး သတ်မှတ်ထားတာမျိုး မလုပ်ဘူးလို့ မစ္စတာ ထရမ့်က ပြောပါတယ်။

ဒါပေမယ့် ဒါဟာ အာဖဂန်နစ္စတန် အစိုးရအတွက် အကန့်အသတ်မဲ့ ချက်လက်မှတ် ထုတ်ပေးတာမျိုး မဟုတ်ဘူးလို့လည်း သမ္မတထရမ့်က သတိပေးပါတယ်။ အမေရိကန်အနေနဲ့ အာဖဂန်အစိုးရဘက်က တိုးတက်မှုနဲ့ အားစိုက်မှုတွေ ရှိနေသရွေ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ့် သဘော ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံအနှံ့အပြားမှာလည်း တာလီဘန်လက်ချက်နဲ့ အရပ်သားထိခိုက်သေဆုံးရနှုန်း မြင့်မားနေ

ဒါဟာ မစ္စတာ ထရမ့်ရဲ့ အာဖဂန်နစ္စတန်နဲ့ ပတ်သက်တဲ့ စစ်ရေးမူဝါဒ အပြောင်းအလဲ ဖြစ်ပါတယ်။ သမ္မတ အဖြစ် တာဝန်မယူခင်တုန်းကတော့ မစ္စတာ ထရမ့်ဟာ အရင် သမ္မတ အဆက်ဆက်ရဲ့ အာဖဂန်မှာ အမေရိကန်တပ်တွေ ထားရှိတဲ့မူဝါဒ အပေါ်ကို တစိုက်မတ်မတ် ဝေဖန်လာခဲ့တာပါ။

အာဖဂန်မြေပေါ်ကနေ အမေရိကန်တပ်တွေ မရုပ်သိမ်းရင် ဒါဟာ အမေရိကန် အတွက် သင်္ချိုင်း နောက်တခုပဲလို့ တာလီဘန် စစ်သွေးကြအဖွဲ့က သမ္မတထရမ့်ရဲ့ အာဖဂန်မူဝါဒသစ်နဲ့ ပတ်သက်ပြီး ချက်ချင်းဆိုသလို သတိပေး တုံ့ပြန်ခဲ့ပါတယ်။

ဝါရှင်တန်အစိုးရက အာဖဂန်နစ္စတန်ကို တပ်သား ၄,ဝ၀ဝ ထပ်မံ ပို့ဆောင်ဖို့ မျှော်လင့်ရပေမယ့် မစ္စတာ ထရမ့်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက် တစုံတရာ မပြုခဲ့ပါဘူး။

အမေရိကန်အနေနဲ့ အာဖဂန်မှာ စစ်ဆင်ရေးတွေ အရှိန်မြင့် လုပ်ဆောင်သွားမယ်လို့ သမ္မတထရမ့်က ဆိုပေမယ့် အခြား အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ သူ့အနေနဲ့ စိတ်ကူးယဉ် မနေဘဲ လက်တွေ့ကျတဲ့ နည်းလမ်းကိုသာ အသုံးပြုမယ် ဆိုပါတယ်။ သူ့ရဲ့ မူဝါဒ အသစ်က အာဖဂန်နစ္စတန်နိုင်ငံပြန်လည် ထူထောင်ရေး ဆိုတာမျိုးထက် အကြမ်းဖက်သမားတွေကို သတ်ဖြတ်ဖို့သာ ရည်ရွယ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption တာလီဘန်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု တခု

ဒီနည်းဗျူဟာ အသစ်က တာလီဘန်တွေ စစ်ရေးအရ အရှုံးနဲ့ ရင်ဆိုင်ရဖို့ ဖြစ်တယ်လို့ အာဖဂန်နစ္စတန်က အမေရိကန်နဲ့ နိုင်ငံတကာတပ်တွေရဲ့ အကြီးအမှူး ဗိုလ်ချုပ်ကြီး ဂျွန်နီကိုလ်ဆင်က ပြောပါတယ်။

ဒါပေမယ့် တာလီဘန်ပြောခွင့်ရ ဇဘီဟူလာမူဂျာဟစ်ကတော့ ထရမ့်ရဲ့ နည်းဗျူဟာမှာ အသစ် မပါကြောင်း၊ အမေရိကန်အနေနဲ့ စစ်ပွဲကို ဆက်တိုက်မယ့် အစား ဘယ်လို ဆုတ်ခွာမလဲ ဆိုတာကိုပဲ စဉ်းစားသင့်ကြောင်း ချေပ ထားပါတယ်။

အာဖဂန်မှာ တာလီဘန်တွေအပေါ် အမေရိကန်က တိုက်ရိုက် စစ်ဆင်နွှဲနေတာတွေ အားလုံးကို ၂၀၁၄ ခုနှစ် သမ္မတ အိုဘားမားလက်ထက်ကတည်းက ရပ်တန့်ထားပြီး အာဖရန်စစ်တပ်ကို ပံ့ပိုးဖို့ အတွက် အထူးတပ်ဖွဲ့ ၈,ဝ၀ဝ ကျော်ချထားတာပါ။

အာဖဂန် အစိုးရတပ်တွေဟာ စစ်သွေးကြွ သူပုန်တွေနဲ့ စစ်ပွဲတွေ ဆက်ဖြစ်နေပြီး တိုင်းပြည်ရဲ့တဝက်ကိုသာ အုပ်ချုပ်ထားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

ဘီဘီစီ တဝန်း