အိန္ဒိယမွတ်စလင် ကွာရှင်းဓလေ့ ဥပဒေနဲ့ မညီလို့ ဆုံးဖြတ်

  • 22 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဥပဒေ ပြောင်းမှာ ကန့်ကွက်သူလည်းရှိ

အိန္ဒိယမှာရှိတဲ့ မွတ်စလင်တွေ အကြား ခင်ပွန်းက ဇနီးကို ချက်ချင်းကွာရှင်းနိုင်တဲ့ ဓလေ့ထုံးစံဟာ အခြေခံဥပဒေနဲ့ မညီညွတ်လို့ မကျင့်သုံးဖို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

ဒီကျင့်သုံးမှုဟာ အစ္စလာမ် ဥပဒေကျင့်ထုံးတွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး အဲလို ကျင့်သုံးနေမှုကိုတွေ ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

တာလတ် သုံးကြိမ်ပေးပြီး ကွာရှင်းတဲ့ ဓလေ့ဟာ မွတ်စလင် ခင်ပွန်းသည်ကို ဇနီးကို တာလတ်လို့ သုံးခါ ပြောပြီးတာနဲ့ ကွာရှင်းခွင့်ရတဲ့ ဓလေ့ဖြစ်ပါတယ်။

အခုတော့ တရားသူကြီးငါးဦးပါဝင်တဲ့အဖွဲ့က အများစုဆန္ဒနဲ့ ဒီဓလေ့ဟာ ဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒီ တာလတ် သုံးကြိမ်ဓလေ့ကို ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ တားမြစ်ထားပေမယ့် အိန္ဒိယက မွတ်စလင်တွေကြားမှာတော့ ကျယ်ကျယ်ပြန့်ပြန့် ဆက်သုံးနေပါတယ်။

ဒီလို ဆုံးဖြတ်ချက် ထွက်လာတာဟာ မွတ်စလင် အမျိုးသမီးတွေ အတွက် အောင်မြင်မှုကြီး ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဒီလို အမြန် ကွာရှင်းဖို့ ခြိမ်းခြောက်ခံရမှုတွေက သူတို့ ခေါင်းပေါ် ဓားလို ဝဲနေခဲ့တာ ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ ဆင်းရဲတဲ့ မိန်းကလေးတွေဟာ ဒီပုံစံနဲ့ ကွာရှင်း စွန့်ပစ်တာ ခံခဲ့ရတယ် လို့လည်း ဒီဓလေ့ ပပျောက်ဖို့ တိုက်ပွဲဝင် နေသူတွေက ဆိုကြပါတယ်။

ပြတ်စဲ ခံရတဲ့ အမျိုးသမီးတွေဟာ သွားစရာ နေစရာ မရှိဘဲ မိဘအိမ် ပြန်ပို့ ခံရတာ၊ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူ ရတာတွေ ဖြစ်ခဲ့ပါတယ်။

မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေ ကိုလည်း အင်မတန် ပြင်းထန်တဲ့ အကြောင်းကြားစာ အိန္ဒိယ တရားရုံးချုပ်က ပို့လိုက်ပါတယ်။

ဒီလို အမြန် ကွာရှင်းတဲ့ ဓလေ့ဟာ လက်ခံနိုင်စရာ မရှိကြောင်း အိန္ဒိယ မွတ်စလင် ဥပဒေ ဘုတ်အဖွဲ့က သုံးသပ်ခဲ့ပေမယ့် ဒါကို တရားရုံးနဲ့ အစိုးရက ကြားဝင်ရမယ့် ကိစ္စမဟုတ်ကြောင်းလည်း သူတို့က ဆိုပါတယ်။ ဒီအမှုကို တရားရုံးချုပ်က အပြီးသတ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မွတ်စလင် အမျိုးသမီး ၅ ယောက် ဦးတိုက် လျှောက်ထားခဲ့

အိန္ဒိယဟာ မွတ်စလင် အမျိုးသားတွေက သူတို့ရဲ့ ဇနီးအပေါ် ချက်ချင်းကွာရှင်းနိုင်ခွင့်ကို ကျင့်သုံးတဲ့ နိုင်ငံအနည်းငယ်အနက် ပါဝင်နေတာပါ။

အိန္ဒိယက မွတ်စလင်အမျိုးသမီးတွေကလည်း အဲဒီအစဉ်အလာကို ချိုးဖျက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

မွတ်စလင်အမျိုးသမီးတွေဟာ အဲဒီဒဏ်ကို ခံနေရတာဟာ နှစ်ပေါင်း ၇၀ လောက်ရှိနေပြီလို့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။

ဒီကိစ္စဟာ ကျွန်မတို့အတွက် သမိုင်းဝင်နေ့ဖြစ်ပေမယ့် ဒီနေရာမှာ ဒီလို ချက်ချင်း ရပ်တန့်သွားမှာတော့ မဟုတ်ပါဘူး၊ မွတ်စလင် အမျိုးသမီးတွေအနေနဲ့ အဲဒီအစဉ်အလာ တိုက်ဖျက်ရေးကို တော်တော်လေးကို အားပေးခဲ့ကြ တယ်လို့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ မွတ်စလင် အမျိုးသမီး ဇာကီရာ ဆိုမန်က ပြောပါတယ်။

ဒီလို ကွာရှင်းတာကို စာ၊ တယ်လီဖုန်း၊ အင်တာနက် စတဲ့ နည်းတွေနဲ့ ပို့ပြီး ကွာတဲ့ ကိစ္စတွေ လည်း ရှိခဲ့ပါတယ်။

ဒီ အလေ့အထကို မွတ်စလင်တွေရဲ့ ရှာရီယာ ဥပဒေမှာရော ကိုရမ်ကျမ်းမှာပါ မဖော်ပြ ပေမယ့် ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။

ကိုရမ်မှာ ကွာချင်ရင် သုံးလ အချိန်ပေးပြီး နှစ်ယောက်စလုံး ပြန်စဉ်းစားဖို့ အကြံပေးတာပဲ ပါတယ်လို့ အစ္စလာမ် ဘာသာရေး ပညာရှင် တွေက ဆိုပါတယ်။